သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝူဟန် (Wuhan) ဗိုင်းရပ်စ် ဆင့်ပွား သတိပြုစရာ


A Myanmar health officer checks the temperature of a motorist entering the Myanmar-China border crossing checkpoint in Muse, Shan State on January 31, 2020.
A Myanmar health officer checks the temperature of a motorist entering the Myanmar-China border crossing checkpoint in Muse, Shan State on January 31, 2020.
တိုက်ရိုက် လင့်ခ်









==ZawGyi==

တရုတ်မှာစဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါကြောင့် သေဆုံးမူနဲ့ ကူးစက်မူတွေ တဟုန်ထိုး မြန်ဆန် တိုးပွားလာနေပြီး၊ မြန်မာနိုင်ငံမှာလည်း သံယလူနာ စရှိလာတာကြောင့်၊ ပိုမိုသတိပြုစရာ ဖြစ်လာနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီ ၂၀၁၉ ကရိုနာ ဗိုင်းရပ်စ် ကူးစက်မူကို ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်လိုက်ပြီး၊ ကူးစက်ခံရတဲ့ နိုင်ငံတွေလည်း ရုတ်တရက် ဆတိုးမြင့်မားလာနေပါတယ်။ မြန်မာနိုင်ငံအတွက်လည်း မကြာခင်က တရုတ်ပြည်ကို သွားလာခဲ့ပြီး (သို့မဟုတ်) အခုလို ခရီးသွားခဲ့သူတွေနဲ့ အနီးကပ်ရှိခဲ့ပြီး တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားနာ၊ ချောင်းဆိုး၊ နှာစေး၊ နှာချေး၊ လည်ချောင်းနာ၊ ခေါင်းကိုက် စတာတွေရှိလာသူတွေဟာ သံသယလူနာ ဖြစ်လာနိုင်ပါတယ်။ ဒီ သံသယလူနာတွေအနေနဲ့ နောက်တဆင့် ဆိုးလာလျှင်တော့ အဖျားက မကျတော့ဘဲ ပိုဆိုးလာကာ၊ ဒီ ဗိုင်းရပ်စ်ပိုးရှိဖို့များသူ (Probable Case) ဖြစ်လာနိုင်ပါတယ်။ နောက်တဆင့် ဆက်ဆိုးလာလျှင်တော့ ဝူဟန် ဗိုင်းရပ်စ်ပိုး ရှိမရှိ သေချာအောင် ဆေးစစ်သင့်ပါပြီ။

လက်ရှိ ဆေးစစ်ရာမှာတော့ နှာခေါင်း တို့ဖတ် (Nasopharyngeal Swab) သို့မဟုတ် လည်ခေါင်း/အာခေါင် တို့ဖတ် (Oropharyngeal Swab) စနစ်တကျယူပြီး၊ ပြည်ပရှိ ရည်ညွှန်းဓာတ်ခွဲခန်းကနေ (၃) ရက် အဖြေစောင့်သင့်ပါတယ်။ လက်ရှိအချိန်ထိတော့ မြန်မာပြည်မှာ ဒီပိုးရှိကြောင်း ကမ္ဘာပေါ်မှာ အနည်းငယ်သာရှိတဲ့ ဒီဓာတ်ခွဲခန်းကနေ မတွေ့ရသေးသော်လည်း၊ လက်တွေ့ တကယ်မရှိနိုင်ဘူးလို့တော့ ရာနှုန်းပြည့် အပြတ်ပြောဖို့ ခက်နေပြီး၊ အထိတ်တလန့် ဖြစ်စရာမရှိသော်လည်း၊ ရောဂါဖြစ်လာနိုင်ချေကို အထူးသတိထား စောင့်ကြည့်ဖို့ အထူးအရေးကြီးနေပါတယ်။ ဒီ တို့ဖတ်စစ်ဆေးနည်းထက် ပိုလွယ်နိုင်ပြီး၊ နိုင်ငံအများမှာ သုံးနိုင်မယ့် ရောဂါရှာဖွေစစ်ဆေးနည်း (Diagnostic Test) ဖြစ်တဲ့၊ ပဋိလုံပစ္စည်း (Antibody) သွေးဖောက်စစ်ဆေးမူအတွက်တော့၊ မကြာခင် လပိုင်းတွေအတွင်း ဖော်ဆောင်နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။

အခု နောက်ပိုင်းတွေ့ရှိထားတဲ့ ကူးစက်နိုင်မူတွေကိုလည်း သတိပြုဖို့လိုပါတယ်။ ဒီလူနာတွေနဲ့ အနီးကပ်နေရတဲ့ မိသားစုဝင်တွေ၊ ဆေးဝန်ထမ်းတွေအပါအဝင် အနီးကပ်စောင့်ရှောက်ပေးရသူတွေမှာ လူနာကနေ နှာစေး နှာချေး၊ ချောင်းဆိုးတဲ့ အရည်တွေကို အသုံးအဆောင်ပစ္စည်းတွေကတဆင့် ထိမိပြီး၊ မိမိ မျက်နှာကို ပြန်ကိုင်မိကာ ကူးစက်နိုင်တာပါ။ ဒါ့အပြင် ဒီပိုးရှိထားတဲ့ တချို့လူနာတွေမှာ ဝမ်းလျှောပြီး၊ မစင်ကို တဆင့် ထိမိရာကနေ အနားက လူတွေကို ပြန်ကူးစက်နိုင်တာပါ။ ဒီ နှစ်ခုလုံးကို အဓိက ကာကွယ်နိုင်တာကတော့ လက်ကို စနစ်တကျ ဆေးတာပါ (ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာအောင်ဆေး၊ သို့မဟုတ် အရက်ပျံသုတ်ပါ)။

လက်ရှိမှာ ကုသဆေး မပေါ်သေးသော်လဲ ကိုယ်ခံစွမ်းအားကျရောဂါ (AIDS) ဖြစ်စေတဲ့ HIV ပိုးကုသဆေး (၂) မျိုးကို တရုတ်ကျွမ်းကျင်သူတွေ စတင်စမ်းသပ်သုံးရာမှာ တချို့လူနာတွေ သက်သာသွားပါတယ်။ ဒါပေမဲ့ လူနာအားလုံးအတွက် ကုသအောင်မြင်နိုင်မယ့်၊ စိတ်ချရတဲ့ အနေအထားတော့ မရှိသေးပါဘူး။ ဒါ့အပြင် တုပ်ကွေး (Influenza) ကာကွယ်ဆေး Oseltamivir (Tamiflu) ကိုလည်း စပြီးစမ်းသုံးရာမှာ အလားတူ တချို့မှာ အောင်မြင်ပေမယ့်၊ တချို့မှာ မအောင်မြင်သေးပါဘူး။ ဒါပေမဲ့ အခုနောက်ဆုံးမှာ အမေရိကန် ဆေးကုမ္ပဏီတစ်ခုကထုတ်တဲ့ ဗိုင်းရပ်စ်ဆေး Remdesivir ကတော့ အလားအလော ကောင်းနေပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်သဘာဝအရ အများအားဖြင့် တစ်ပတ် (၁၀) ရက် အချိန်ကာလတစ်ခုအပြီး၊ ကိုယ်ခံအားနဲ့ သူ့အလိုလို ပြန်ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားနည်းတဲ့ အသက်ကြီးသူနဲ့ ရောဂါအခံရှိသူ (ဥပမာ - ရင်ကြပ်၊ ဆီးချို၊ သွေးတိုးရှိထားသူ) တွေမှာတော့ နာလန်ထဖို့ အနည်းငယ်ပိုကြာနိုင်တာမို့ အထူးသတိထားသင့်ပါတယ်။

ဒီ ဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်နိုင်ဖို့ ကြိုးပမ်းမူတွေကလည်း၊ ဒီရောဂါရှာဖွေစစ်ဆေးနည်းသစ် (သွေးစစ်နည်း) ကဲ့သို့ လပိုင်းတွေအတွင်း အောင်မြင်လာနိုင်ချေရှိနေပြီး၊ ကုသဆေးပါ အလားတူ ပေါ်လာနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

အခုလိုအချိန်မှာ လက်ရှိ ရိုးရိုး ရာသီတုပ်ကွေး ဖြစ်နေသူတွေအနေနဲ့လည်း မကြာခင်ပိုင်းတွင်း တရုတ်နိုင်ငံ ခရီးထွက်ခဲ့တာမရှိဘဲ၊ အခုလို ခရီးထွက်ခဲ့သူတွေနဲ့လည်း အနီးကပ် မရှိခဲ့လျှင်၊ ဒီလူနာမျိုးကုခဲ့ရတဲ့ ဆေးဝန်ထမ်းမဟုတ်ပါက၊ အထူးစိုးရိမ်စရာမရှိဘဲ၊ အိမ်မှာ အနားယူသင့်ပါတယ်။ အလုပ်နဲ့ ကျောင်းမသွားဘဲ၊ အရည်များများသောက် (စွပ်ပြုတ်၊ လိမ္မော်ရည်) အဓိက အာဟာရပြည့်စုံအောင် စားကာ၊ ကောင်းကောင်းအိပ်၊ နွေးနွေးထွေးထွေးနေပြီး၊ ခေါင်းကိုက်လျှင် ခေါင်းကိုက်ပျောက်ဆေး၊ နှာစေးလျှင် နှာစေးပျောက်ဆေးစတဲ့ သက်ဆိုင်ရာ လက္ခဏာ သက်သာဆေးတွေ သောက်ပေးလျှင်၊ ကိုယ်ခံအားနည်းသူ မဟုတ်ပါက တစ်ပတ်ခန့်အတွင်း ပျောက်ကင်းသွားနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ အဏုဇီဝဗေဒ ပညာရှင်၊ ဆေးတက္ကသိုလ် (၁) အဏုဇီဝဗေဒဌာန အငြိမ်းစား ဌာနမှူးနဲ့ လက်ရှိဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာဒေါ်ကြည်ကြည်သင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG