သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်ဉာဏ်လျော့ရောဂါ အန္တရာယ်လျှော့ချရေး


သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ ခံစားရသူအဘိုးအဘွားများ ကုသမှုခံယူနေစဉ်
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ ခံစားရသူအဘိုးအဘွားများ ကုသမှုခံယူနေစဉ်

မှတ်ဉာဏ်ကျရောဂါ ဖြစ်ဖို့အန္တရာယ်နည်းအောင် စားသောက်နေထိုင်ပုံကနေစပြီး လက်တွေ့စလုပ်သင့်တာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။

သူငယ်ပြန်တာလို့ တချို့မှတ်ယူကြတဲ့ မှတ်ဉာဏ်လျော့ရောဂါ မဖြစ်ဖို့၊ အန္တရာယ်နည်းအောင် အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုကို စပြောင်ဖို့ အရေးကြီးပါတယ်။ မြန်မာအများစုအနေနဲ့ ကဆီဓာတ်များတဲ့ ထမင်းကို အလွန်အမင်းခုံမင်စားသုံးလေ့ရှိတာ ဆက်မလုပ်သင့်တော့ပါဘူး။ အကြောင်းက တစ်နေ့ ထမင်းပဲ အကြိမ်များစွာ (ဥပမာ ၃ နပ်) စားပြီး၊ ဒီကြားထဲမှာလည်း ကဆီဓာတ်များ (ဆန်၊ ကောက်ညှင်းနဲ့အများစုလုပ်) တဲ့ မုန့်ပဲသရေစာ ဆက်စားခြင်းဖြင့် မှတ်ဉာဏ်ကျရောဂါဖြစ်ဖို့ အန္တရာယ်များတဲ့ အဝလွန်တာ ဖြစ်လာနိုင်လို့ပါ။ အဝလွန်တာကနေ နောက်အန္တရာယ်ရှိတဲ့ သွေးတိုး၊ သွေးထဲအဆီများတာနဲ့ ဆီးချို ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အားကစား လှုပ်ရှားမူလည်း ပုံမှန်လုပ်ပေးသင့်ပါတယ်။ အကြောင်းက လှုပ်ရှားမူများခြင်းဖြင့် စားထားတဲ့ ထမင်းအပါအဝင် ကဆီဓာတ်တွေကို ချေဖျက်ပြီး အဝလွန်တာ ကာကွယ်ပေးရုံသာမက၊ မှတ်ဉာဏ်ကျရောဂါအတွက် အန္တရာယ်များတဲ့ သွေးတိုးဖြစ်တာကိုလည်း လျှော့ချပေးနိုင်လို့ပါ။ အကယ်၍ သွေးတိုးရောဂါစဖြစ်ပြီးနေလျှင်တောင် အားကစားပုံမှန်လုပ်ခြင်းဖြင့် သွေးပေါင်ချိန်ကို ဆေးထက်ပိုထိန်းနိုင်တာကို တွေ့ရှိထားပါတယ်။ အခုလို ထမင်းစားဆင်ခြင်ပြီး လေ့ကျင့်ခန်းလှုပ်ရှားမူ ပိုလုပ်လိုက်ခြင်းဖြင့် တခြားနှလုံနဲ့သွေးကြောရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အခုလို စားသောက်လှုပ်ရှားမှု စပြောင်းတာကို မှတ်ဉာဏ်ကျရောဂါဖြစ်ဖို့ အန္တရာယ်များသူတွေဖြစ်တဲ့ သတ်သတ်မှတ်မှတ် မျိုးရိုးဗီဇ (Specific Gene) ရှိထားသူနဲ့ ဦးနှောက်အလုပ်နည်းသူတွေမှာ ပိုလုပ်ပေးသင့်ပါတယ်။ အဖေအမေအပါအဝင် အမျိုးထဲမှာ အသက်သိပ်မကြီးခင် (ဥပမာ ၄၀ - ၅၀ ဝန်းကျင်) ထဲက ဒီရောဂါဖြစ်ခဲ့တာရှိတဲ့သူတွေမှာ စောစောစီးစီး ထမင်းစား ဆင်ခြင်ပြီး အားကစားပုံမှန်စလုပ်သင့်ပါတယ်။ ဒီမျိုးရိုးရှိနိုင်တာအတွက် ဆေးလည်းစစ်ကြည့်သင့်ပါတယ်။ ပညာကောင်းကောင်း မသင်ခဲ့ရတာ (ဥပမာ - မူလတန်းပဲအောင်ခဲ့တာ) နဲ့၊ ကြီးလာချိန် ပင်စင်ယူ အလုပ်နားပြီး (ဥပမာ - စားလိုက်အိပ်လိုက် TV ကြည့်လိုက်နဲ့ပဲ) ဦးနှောက်ကို ဆက်ပြီးသိပ်မသုံးတဲ့သူတွေလည်း အလားတူ ဒီစားသောက်လှုပ်ရှားမှု ကြိုပြောင်းသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်ဖို့အတွက် ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမျိုးမင်းအောင် ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

XS
SM
MD
LG