သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် မြန်မာတွေ နေရပ်ပြန်နိုင်ရေး ကူညီမှုစတင်


မလေးရှားနိုင်ငံတွင်း မြန်မာလူမျိုးအချို့ အကြမ်းဖက်ခံရတဲ့နောက်ပိုင်း လုံခြုံရေး စိုးရိမ်ချက်နဲ့ ဌာနေပြန်လိုတဲ့ မြန်မာလူမျိုးတွေအတွက် မြန်မာအာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်အချို့က အကူအညီတွေ စတင် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ အချို့က ငွေကြေးအားဖြင့် ကူညီကြသလို၊ အချို့ကတော့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကူညီကြမှာ ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

ကွာလမ်လာပူအနီး မြန်မာအများစုရှိနေတဲ့ ရပ်ကွက်မှာ မြန်မာအချို့ အကြမ်းဖက်ခံရမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အနီးအနားဒေသတဝိုက်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလူမျိုးတွေအနေနဲ့ လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် နေရပ်ပြန်လိုကြတဲ့ အချိန်မှာပဲ၊ အခုလို အကူအညီတွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။

အကူအညီတွေကိုတော့ မလေးရှားကိုရောက်လာတဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ယူဆောင်လာတာဖြစ်ပြီး၊ အာဏာပိုင်တွေအနေနဲ့ ကူညီနိုင်မယ့် အခြေအနေကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က လေ့လာစုံစမ်းနေတယ်လို့ ကပုန်း နာရေးကူညီမှုအဖွဲ့က ကိုဇော်ဇော်က ပြောပါတယ်။

“အခုလောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ လာပြီးတော့ သူတို့ ဒုဝန်ကြီးနဲ့ လာပြီးတော့ တွေ့သွားတယ်။ ဦးအောင်ကိုဝင်း ကမ္ဘောဇဘဏ်က US ၅ သောင်း၊ ဦးဇော်ဇော် Max Myanmar က US ၂ သောင်း၊ အဆိုတော်စံလင်းကနေပြီးတော့ ၁ သိန်း ၅ သောင်း လှူသွားပါတယ်။ အဲ့ဒါကတော့ ငွေကျပ် ၁ သိန်း ၅ သောင်းပေါ့နော်။ ကလျာဏမိတ္တအသင်းက ၆ သောင်းလှူဒါန်းသွားပါတယ်။ ၆ သောင်းကလည်း မြန်မာကျပ်ငွေ အကို။”

မေး။ ။ ဟုတ်ကဲ့ အဲ့ဒါက အခုလာတဲ့ ဒုဝန်ကြီးတွေနဲ့အတူ ပေးလိုက်တာလား။

ဖြေ။ ။ “ဟုတ်ကဲ့ ဒုဝန်ကြီးတွေနဲ့အတူ လှူသွားတာပါခင်ဗျ။”

မေး။ ။ အဲ့တော့ မြန်မာအာဏာပိုင်တွေလာတဲ့ အခု ကိုယ်စားလှယ်အဖွဲ့ကရော ဘာတွေ အကူအညီပေးဖို့ ရှိပါသလဲ။

ဖြေ။ ။ “မြန်မာအာဏာပိုင်တွေကတော့ လောလောဆယ်တော့ စလျန်းနယ်မြေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်လို့ ဆိုရမှာပေါ့ အဲ့ဒီလူတွေကိုတော့ မြန်မာပြည်ကို ပြန်ဖို့အရေးကို သူတို့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်ခင်ဗျ။ ဒုက္ခသည်တွေနဲ့လည်း သူတို့ ကိုယ်တိုင်ကိုယ်ကျ တွေ့သွားပါတယ်ခင်ဗျ။”

တချိန်တည်းမှာတော့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးဇင်ယော် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှားအာဏာပိုင်တွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိသေးပေမဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို စုံစမ်းလေ့လာဖို့နဲ့ ဌာနေပြန်လိုတဲ့ မြန်မာတွေကို ကူညီဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မလေးရှားအာဏာပိုင်တွေကတော့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့အခြေအနေဟာ မြန်မာအချင်းချင်း ဖြစ်တယ်လို့ ယူဆထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကနေ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ၁ ထောင်လောက်ကို ဖမ်းဆီးခဲ့ပြီး၊ အဲ့ဒီထဲမှာ တရားဝင် စာရွက်စာတမ်း မရှိသူ ၁၀၀ လောက် တွေ့ရတယ်လို့ မလေးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အပေါ်မှာလည်း ပုံကြီးချဲ့တဲ့ ကောလဟာလတွေ ထွက်လာတာ တွေ့ရတယ်လို့ ရန်ကုန် မလေးရှားသံရုံးက ပြောခွင့်ရသူ ဟာဗစ် နဘ်ဇီယာ (Haviz Nabzir) က ဗွီအိုအေကို ပြောပါတယ်။

“အသတ်ခံရတာ ၃ ဦးပဲရှိပါတယ်။ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားရပ်ကွက်ကနေ ရတဲ့သတင်းတွေဟာ ပုံကြီးချဲ့ ပြောတာတွေများပါတယ်။ အခုထက်ထိ တရားဝင် ရရှိတဲ့ သတင်းတွေအရ ၃ ဦး အသတ်ခံရတာပါ။ ဒါကလည်း အဲ့ဒီမှာရှိတဲ့ မြန်မာတွေ အချင်းချင်းကြားမှာ ဖြစ်တာပါ။ မြန်မာမူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဖြစ်တာပါ။”

စိုးရိမ်မှုတွေကြောင့် နေရပ်ပြန်လိုတဲ့ မလေးရှားရောက် မြန်မာတွေအတွက် လေယာဉ်ကုမ္ပဏီအချို့ကလည်း အကူအညီတွေပေးဖို့ ကမ်းလှမ်းထားပါတယ်။ Asian Wing လေကြောင်းလိုင်းကတော့ မလေးရှားက ပြန်ရောက်လာတဲ့ မြန်မာတွေအတွက် မြန်မာနိုင်ငံတွင်း သူတို့နေရပ်ကို ပြန်နိုင်ဖို့ ပြည်တွင်းခရီးစဉ်တွေမှာ အခမဲ့ စီးနင်းနိုင်အောင် စီစဉ်ပေးသွားမယ်လို့ အဲ့ဒီလေကြောင်းလိုင်းရဲ့ စီးပွားရေးဌာန ညွန်ကြားရေးမှူး မရင်ရင်ညိုမြင့် က ပြောပါတယ်။

“ကျမတို့ကတော့ အခု ဘယ်လို အစီအစဉ်လုပ်ထားသလဲဆိုတော့ ကျမတို့က အခု Domestic ပဲဖြစ်နေတယ်ပေါ့ ပြည်တွင်းမှာပဲ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ဖြစ်နေတဲ့အတွက်ကြောင့်မို့ သူတို့ ဒီကို ပြန်လာခဲ့ရင် သူတို့နေရပ်တွေပေါ့နော် ရန်ကုန်မှာမဟုတ်ဘဲနဲ့ နယ်တွေမှာဖြစ်ခဲ့ရင် ကျမတို့ ဆွဲနေတဲ့ Destination တွေဖြစ်ခဲ့ရင် အဲ့ဒီဟာ သူတို့ကို ပို့ပေးမယ်ပေါ့နော်။ သူတို့ပြန်ချင်တဲ့ သူတို့ရဲ့ နေရပ်ကို။ ပြည်တွင်းခရီးစဉ်တွေမှာ စီစဉ်ပေးမယ်လို့ ကျမတို့ အစီအစဉ်လုပ်ထားပါတယ်။”

မေး။ ။ မလေးရှားက မြန်မာအလုပ်သမားဆိုတာကို ဘယ်လို အထောက်အထား ပြစရာလိုမလဲ။

ဖြေ။ ။ “သူတို့ တကယ်လို့ ပြန်လာရင် ကျမတို့ဆီကို သူတို့ ကိုယ်တိုင် လာဆက်သွယ်ပေါ့နော်။ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ Work Permit ရယ်၊ သူတို့ရဲ့ ပတ်စ်ပို့လေးရယ် ယူလာပြီးတော့ ကျမတို့ ရုံးမှာ လာဆက်သွယ်လို့ ရပါတယ်။”

Golden Myanmar လေကြောင်းလိုင်းကလည်း ပြည်ပခရီးစဉ်တွေမှာ အကူအညီပေးဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကကတော့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေနဲ့ သူတို့ မိသားစုတွေပေါ့ သူတို့ မြန်မာပြည်ကို ပြန်လာခွင့်ရရင်ပေါ့ ကျနော်တို့ လေကြောင်းလိုင်းမှာ ပထမတခုကကျတော့ မလေးရှားကို တိုက်ရိုက် ပြန်သန်းပြေးဆွဲတာမျိုး မရှိသေးတဲ့အခါကျတော့ အခုလောလောဆယ် ကျနော်တို့က ဟိုဟာပေါ့ စင်္ကာပူ၊ ဘန်ကောက်ရယ်၊ မန္တလေးရယ်ပဲ ပြေးဆွဲနေတာပေါ့ အကိုရယ်။ အဲ့အတွက်ကြောင့် ကျနော်တို့က ဘယ်လိုလုပ်ပေးမလဲဆိုတော့ အခုလက်ရှိပြေးဆွဲနေတဲ့ စင်္ကာပူ - ရန်ကုန်၊ စင်္ကာပူ - မန္တလေး၊ ဘန်ကောက် - ရန်ကုန်၊ ဘန်ကောက် - မန္တလေး ကို ကျနော်တို့ ရွှေမြန်မာလေကြောင်းလိုင်းနဲ့ စီးနင်းလိုက်ပါလို့ ရပါတယ် အကို။ လိုက်ပါတဲ့အခါမှာ ကျနော်တို့က လက်မှတ်ခကို Free ပေးထားပါတယ်။ အဓိကကတော့ စင်္ကာပူလေဆိပ်အခွန်ရယ်၊ ဘန်ကောက်လေဆိပ်အခွန်ရယ် နှစ်ခုပဲ ပေးဆောင်ရမှာပါ အကို။”

မလေးရှားရောက်နေတဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ကတော့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ သီးခြားတွေ့ဆုံမယ်လို့ သိရပြီး၊ အထူးသဖြင့် မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲနဲ့ စိုးရိမ်ချက်တွေကို လေ့လာ စုံစမ်းသွားမှာဖြစ်တယ်လု့ိ သိရပါတယ်။

မလေးရှားရောက် မြန်မာအချို့ကတော့ မလေးရှားအဖြစ်အပျက်နဲ့ ပတ်သက်လို့ လူမှုကွန်ယက်အင်တာနက်တွေ ရေးသားပြောဆိုမှုတွေဟာ ဖြစ်ပျက်နေတဲ့အခြေအနေတွေထက် လွန်ကဲပြီး ရေးသားနေကြတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
XS
SM
MD
LG