သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် ရှန်ဟိုင်းကုန်စည်ပြပွဲ ကြည့်ရှု


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ အမေရိကန်ပြခန်းကြီးကိုအရင်ဆုံး သွားရောက် အားပေးခဲ့ပါတယ်။ အမေရိကန် ပြခန်းကြီးမှာ အဓိက ဇောင်းပေးပြသခဲ့တာကတော့ အမေရိကန်ရဲ့ ဆန်းသစ်တီထွင်နိုင်မှု၊ သဘာ၀ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လူမျိုးဘာသာ အရောင်အသွေးပေါင်းများစွာရှိမှု၊ အမေရိကန်က လွတ်လပ်တဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြသထားတာဖြစ်ပါတယ်။

အမေရိကန်ပြခန်းကြီးထဲမှာ ပြသထားတဲ့ American Spirit အမေရိကန်ဇာတိမာန်လို့ နာမည်ပေးထားတဲ့ နှုတ်ခွန်းဆက် ဗွီဒီယိုတခုထဲမှာ ဝန်ကြီး Clinton ကိုယ်တိုင် ခုလို နှုတ်ခွန်းဆက် ကြိုဆိုထားတာ ဖြစ်ပါတယ်။

နီဟောင် ကျမ Hillary Clinton ပါ။ ဒီ ၂၀၁၀ ပြည့်နှစ်ကမ္ဘာ့ကုန်စည်ပြပွဲမှာ အမေရိကန်ပြခန်းကနေ ကျမတို့ ဝမ်းမြောက် ဝမ်းသာစွာနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။

အမေရိကန်ပြခန်းကြီးဟာ အမေရိကန်ဒေါ်လာ ၆၁ သန်း အကုန်ကျခံ တည်ဆောက်ထားတာဖြစ်ပြီး အဲဒီကမ္ဘာ့ကုန်စည် ပြပွဲရဲ့ အကြီးဆုံးပြခန်းထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ဒီပြခန်းကိုဆောက်လုပ်ဖို့ အမေရိကန်က စီးပွားရေးလုပ်ငန်း တွေအများကြီးက မတည်ထားတာဖြစ်ပြီး၊ အဲဒီထဲက ကိုယ်စားလှယ်တော်တော်များများ ဝန်ကြီးကလင်တန် ကိုကြိုဆိုပြီး လိုက်လံပြသခဲ့ကြပါတယ်။

တရုတ် ကလေးငယ်အဖွဲ့ကလည်း ဝန်ကြီးကလင်တန်ကို သူတို့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ အနုပညာ လက်ရာပစ္စည်း တွေကို လက်ဆောင်အဖြစ်ပေးခဲ့ကြပါတယ်။ Students Ambassadors ခေါ် တက္ကသိုလ်ကျောင်းသူ ကျောင်းသား သံအမတ်အဖွဲ့တွေက လာတဲ့ဧည့်ပရိတ်သတ်တွေကို ပျူပျူငှာငှာကြိုဆိုစေတဲ့ အစီအစဉ်ကလည်း အဲဒီပြခန်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြပါတယ်။ အမေရိကန်ပြခန်းဟာ လူကြိုက်အများဆုံးပြခန်းထဲမှာ တခု အပါအဝင်ဖြစ်ပါတယ်။ ဒီပြခန်းကိုဝင်ရဖို့အရေး တချို့ဆို ၄ နာရီအထိ ကြာအောင်စောင့်ကြရပါတယ်။ မေလ ၁ ရက်နေ့ စတင် ဖွင့်လှစ်ကတည်းက လူပေါင်း ၅ သိန်းလောက်လာရောက် လည်ပတ်ခဲ့ပြီးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တဆက်ထဲမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ပေ ၂၀၀ နီးပါးမြင့်ပြီး အထပ်ပေါင်း ၁၄ ထပ်ရှိတဲ့ အနီရောင် တရုတ်ပြခန်းကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီအထဲမှာ ရှေးဟောင်းပစ္စည်းတွေ၊ တရုတ်ပြည်ကြီး ရာစုနှစ် တခုကနေတခု တစတစ ဖွံ့ဖြိုးတိုးတက်လာခဲ့ပုံ အဆင့်ဆင့်ကို တရုတ်ပြည်နယ် ၃၁ ပြည်နယ်လုံးအပြင် ဟောင်ကောင်နဲ့ ထိုင်ဝမ်ကျွန်းတို့ကိုပါ ကိုယ်စားပြုပြီး ပြသခဲ့ပါတယ်။

တရုတ်ပြခန်းကြီးထဲပြသထားတာကို တခုပြီးတခုအားပေးကြည့်ရှုရင်း စိတ်အားထက်သန်စွာစောင့်မျှော်နေကြတဲ့ လူထုပရိသတ်ကြီးကိုလည်း ဝန်ကြီးကလင်တန်က နှုတ်ဆက်ခဲ့ပါတယ်။ ရှန်ဟိုင်းကုန်စည်ပြပွဲရဲ့ သင်္ကေတအရုပ်ဖြစ်တဲ့ Hai Bao လို့ခေါ်တဲ့အရုပ်ကြီးနဲ့လည်း ဝန်ကြီးကလင်တန်က ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ရှန်ဟိုင်းမြို့ Huangpu မြစ်ရဲ့ တဘက်တချက်မှာ နိုင်ငံပေါင်း ၂၀၀ နီးပါက လာရောက် ခင်းကျင်းပြသကြတဲ့ ပြခန်းတွေ ခန်းမကြီးတွေဟာ တကယ်ကို အံ့မခန်းလောက်ဖွယ်ပဲလို့ဝန်ကြီးကလင်တန်က တရုတ်အာဏာပိုင်တွေကို ပြောခဲ့ ပါတယ်။

အစိုးရချင်းဆက်ဆံတာအရေးကြီးတယ်လို့ ကျမတို့ ယူဆသလို ပြည်သူလူထုအချင်းချင်း တရုတ်ပြည်သူနဲ့ အမေရိကန်ပြည်သူတွေကြား ဆက်ဆံရေးဟာ ကျမတို့ နှစ်နိုင်ငံစလုံးရဲ့ အနာဂတ် ကောင်းစားရေးအတွက် အင်မတန်အရေးကြီးတဲ့ အုတ်မြစ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က စတင်ခဲ့တဲ့ ဝန်ကြီးကလင်းတန်ရဲ့ အာရှခရီးစဉ်မှာ ဂျပန်နိုင်ငံကိုသွားရောက်ခဲ့ပြီး ခုတရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကိုရောက်နေတာပါ။ ဒီကနေတဆင့် မနက်ဖန်တနင်္လာနေ့မှာတော့ ဘေကျင်းမြို့ကိုသွားရောက်ပြီး စီးပွားရေးနဲ့ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက် မှာဖြစ်ပါတယ်။

မတ်လက နစ်မြုပ်သွားခဲ့တဲ့ တောင်ကိုးရီးယားသင်္ဘောဟာ မြောက်ကိုးရီးယားလက်ချက်ကြောင့်ဖြစ်တယ်ဆိုပြီး ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ စုံစမ်းတွေ့ရှိချက်ကို အလေးအနက်ထား ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ အသင့်တော်ဆုံး ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG