သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် မြန်မာပြည်သွားမည်


နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာပြည်စေလွှတ်မည့်အကြောင်း အမေရိကန်သမ္မတ အိုဘားမား ကြေညာနေစဉ်။ (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာပြည်စေလွှတ်မည့်အကြောင်း အမေရိကန်သမ္မတ အိုဘားမား ကြေညာနေစဉ်။ (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)

ရှေ့လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် သွားရောက်မှာဖြစ်တဲ့အကြောင်း အမေရိကန်အစိုးရက တရားဝင်ကြေညာလိုက်ပါပြီ။ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်လွှဲအပ်ဖို့ အာဆီယံထိပ်သီးညီလာခံကနေ ဆုံးဖြတ်အတည်ပြုပြီး နောက်တစ်နေ့မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မစ္စကလင်တန် မြန်မာနိုင်ငံကို သွားရောက်ဖို့ ဆုံးဖြတ်ချက်မချခင် သမ္မတ ဘရက်အိုဘားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့လည်း သမ္မတရဲ့ အိမ်ဖြူတော်ထိပ်တန်း အရာရှိတွေက ပြောဆိုခဲ့ပါတယ်။ အကြောင်းစုံကို ဦးစံမိုးဝေက တင်ပြထားပါတယ်။

မနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားက အရှေ့အာရှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို တရားဝင် အလည်အပတ်ခရီး သွားရောက်မှာ ဖြစ်ကြောင်း ပြောဆိုလိုက်တာပါ။

“နိုင်ငံခြားရေးဝန်ကြီးကလင်တန် မြန်မာနိုင်ငံကိုသွားဖို့ ကျနော် ဒီနေ့ပဲ ပြောလိုက်ပါပြီ။ ရာစုနှစ်ဝက်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေနဲ့ ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ အပြုသဘောဆောင်တဲ့ အသွင်ကူးပြောင်းရေး ဖြစ်လာဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အားဖြည့်ပေးနိုင်မလား၊ ပြီးတော့ ကျနော်တို့ နှစ်နိုင်ငံအကြား ကဏ္ဍသစ်တစ်ခု ဖွင့်နိုင်မလား ဆိုတာတွေကို သွားရောက်လေ့လာမှာပါ။”

အဲဒီလို သမ္မတ အိုဘားမားက ပြောကြားပြီးတဲ့နောက် သမ္မတ အိမ်ဖြူတော် ထိပ်တန်းအရာရှိတစ်ဦးက ဘာလီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ အိမ်ဖြူတော် ထိပ်တန်းအရာရှိက မစ္စ ကလင်တန်ဟာ နေပြည်တော်ကိုကော ရန်ကုန်ကိုပါ သွားရောက်မှာပါ။ အစိုးရဘက်က သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်အဖွဲ့ဝင်တွေ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း အကြံပြုထားတဲ့အတိုင်း မြန်မာပြည်ရဲ့ ကြီးမားကျယ်ပြန့်တဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နာဂစ်လေမုန်းတိုင်းကျစဉ်က အရေးပေါ် ကူညီကယ်ဆယ်ရေးတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တဲ့ လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံမှာဖြစ်ပါတယ်လို့ သမ္မတအိမ်ဖြူတော် ထိပ်တန်းအရာရှိ တွေကပြောပါတယ်။

ဒီလို မစ္စကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း မကြေညာခင် အမေရိကန်သမ္မတ အိုဘားမားဟာ Air Force One လို့အမည်ရတဲ့ သမ္မတခရီးသွားတဲ့ လေယာဉ်ပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီး မိနစ် ၂၀ လောက် စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မစ္စတာအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး စတာတွေကို တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်နေတဲ့အတွက် အလွန်လေးစားမိတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိက သတင်းထောက်တွေကို ပြန်ပြောပြခဲ့ပါတယ်။

ဒါကြောင့်လဲ လအနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေ အကောင်းဆုံး ချဉ်းကပ်နိုင်မယ့် စဉ်းစားတွေးတောချက်တွေကို သိလိုတဲ့အတွက် တိုင်ပင် ဆွေးနွေးတာဖြစ်ပါတယ်။၊ သမ္မတအနေနဲ့ ခုလို ထိတွေ့ဆက်ဆံမှု လုပ်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှု သေသေချာချာ ရထားချင်တယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တိုက်ရိုက်စကားပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံနေတာတွေ ဆက်လုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံအားပေးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေကို တွန်းအားပေးဖို့နဲ့ အရှိန်အဟုန်ရအောင် ဖန်တီးပေးစေချင်တယ်လို့ ပြောဆိုကြောင်း၊ ဒါ့အပြင် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေနဲ့ အားလုံး ပါဝင်နိုင်တဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် အဆင့်ဆင့် အရေးပါပုံတွေကို သမ္မတအိုဘားမားကို အလေးထား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတချို့ ၊ တိုးတက်မှုတချို့ မြင်လာရပြီဆိုတာကို သမ္မတ အိုဘားမားအနေနဲ့ မနေ့တုန်းက အာရှထိပ်သီး ဆွေးနွေးပွဲအတွင်း အသိအမှတ်ပြု ပြောခဲ့ပေမဲ့လို့ တိုးတက်မှုတွေ လိုအပ်နေဆဲ ရှိတာကိုလည်း ထည့်သွင်း မှတ်ချက်ပြု ပြောသွားခဲ့ပါတယ်။

“လုပ်ဆောင်စရာတွေကတော့ အတော် ကျန်ပါသေးတယ်။ မြန်မာ့နိုင်ငံရေးမှာ ပိတ်ဆို့ဟန့်တားမှု ရှိနေတဲ့အပေါ်မှာ စိုးရိမ်နေဆဲပါ။ လူနည်းစုတွေအပေါ်မှာ ဆက်ဆံမှုတွေ၊ နိုင်ငံရေးအကျဉ်းသားကိစ္စတွေလည်း ပါပါတယ်။ နောက်ပြီးတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပိုင်းကိုလည်း စိုးရိမ်ပူပန်မိပါတယ်။”

သမ္မတအိုဘားမားနဲ့ စကားပြောဆိုရာမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာခေါင်းဆောင်တွေနဲ့ ပြောဆို ဆက်သွယ်နိုင်ဖို့အတွက် တိုက်ရိုက်ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားသင့်တဲ့အကြောင်း အရေးပါပုံတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေး ပြောဆိုခဲ့တယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေအပေါ် တရုတ်နိုင်ငံနဲ့ ဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံ ဘက်က အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုအပေါ် ထောက်ခံတဲ့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေကို တရုတ်နိုင်ငံကလည်း အားပေးကြောင်း အမေရိကန် အိမ်ဖြူတော် ထိပ်တန်းအရာရှိတွေက ပြောဆိုသွားပါတယ်။

XS
SM
MD
LG