သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေကို ဟောင်ကောင်အုပ်ချုပ်ရေးမှူး အပြစ်တင်


 ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam

တနင်္ဂနွေနေ့က ဟောင်ကောင်ကျွန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြရင်း ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာက ကုန်တိုက်ထဲကို ဝင်သွားကြသူတွေဟာ ဆူပူအုံကြွသူတွေလို့ တရုတ်ပြည်မကြီးကို လိုလားတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဆန္ဒပြပွဲအတွင်း ရဲတွေရဲ့ လုပ်ဆောင်မှုတွေကို အုပ်ချုပ်ရေးမှူး Carrie Lam က ထောက်ခံကြောင်း ပြောကြားလိုက်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ပြောပါတယ်။

ဟောင်ကောင်ကျွန်းကနေ တရုတ်ပြည်မကြီးကို တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို လုံး၀ ရုပ်သိမ်းရေး၊ နောက် တရုတ် အစိုးရက အတည်ပြု၊ ခန့်အပ်ထားတဲ့ ဟောင်ကောင်ခေါင်းဆောင် Carrie Lam နုတ်ထွက်ပေးရေးတို့အတွက် ဟောင်ကောင် လမ်းမတွေပေါ် ချီတက် ဆန္ဒပြခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ရဲတွေက နံပတ်တုတ်တွေ၊ မျက်ရည်ယို ငရုပ်ကောင်းရည်တွေ သုံးပြီး တနင်္ဂနွေနေ့က လူစုခွဲခဲ့ပါတယ်။

Sha Tin အရပ်မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကတော့ တနင်္ဂနွေ တနေ့လုံး နီးပါး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့် ဆန္ဒပြပွဲ ပြီးဆုံးခါနီးမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။ ဆန္ဒပြသူတချို့က အနီးနားက ကုန်တိုက်ထဲ ဝင်ပြေးကုန်ကြပြီးတဲ့နောက် ရုန်းရင်းဆန်ခတ်မှုတွေ အဲဒီ ကုန်တိုက်ထဲမှာ ဆက်ဖြစ်ခဲ့ပါတယ်။

ကုန်တိုက်အတွင်းမှာရှိတဲ့ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယို ဓာတ်ငွေ့နဲ့ နံပတ်တုတ်တွေသုံးပြီး လူစုခွဲ မောင်းထုတ်နိုင်ဖို့ ကြိုးစားခဲ့သလို ဆန္ဒပြသူတွေကလည်း ထီးတွေအပါအဝင် ရဲတွေကို တွေ့ရာဆွဲပြီး ခုခံ တိုက်ခိုက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကတော့ လူဦးရေ ပိုပြီး များလာရေး ကြိုးပမ်းတဲ့ အနေနဲ့ ဟောင်ကောင်ရဲ့ မြို့စွန်ပိုင်း ဝေးလံတဲ့ ဒေသတွေထိပါ စပြီး ချီတက်ခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG