သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြပွဲ ရဲက မျက်ရည်ယိုဗုံးနဲ့ နှိမ်းနှင်း


ပြီးခဲ့တဲ့ သီတင်းပတ်က ဟောင်ကောင်ဆန္ဒပြသူတွေကို ရထားဘူတာတခုမှာ တုတ်တွေ၊ ရေပိုက်တွေနဲ့ ရိုက်နှက်ခဲ့တဲ့အရပ်မှာ ဆန္ဒမပြဖို့ ရဲတို့ တားမြစ်ထားတာကို မနာခံပဲ ဆန္ဒပြကြသူတွေကို ဟောင်ကောင် ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ၊ နံပါတ်တုတ်တွေသုံးပြီး ဒီကနေ့ ဖြိုခွင်းခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်အပြီး ၆ရက်အကြာ၊ ဒီကနေ့ စနေနေ့မှာပဲ ဆန္ဒပြပွဲတွေ ပြန်စတာပါ။ ဒေသခံတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြဖို့ ခွင့်ပြုမိန့်မပေးပေမဲ့လည်း အနက်ရောင်ဝတ်ထားကြတဲ့ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေကလမ်းပေါ်ထွက်လာကြတာပါ။ လူဆိုးဂိုဏ်းဝင်တွေအဖြစ် သံသယရှိနေကြတဲ့ အဖြူရောင် တီရှပ်ဝတ်ထားကြတဲ့လူုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မမှုတဲ့အနေနဲ့ ဆန္ဒပြကြတာလည်းဖြစ်ပါတယ်။

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာကို အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ခြင်းမရှိတဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေနဲ့တောင် အခြေအတင်ဖြစ်ခဲ့ကြတယ်ဆိုပြီး ဆန္ဒပြသူတွေက စွပ်စွဲခဲ့တာပါ။ အဲဒီစွပ်စွဲချက်ကို ရဲတို့က အပြင်းအထန် ငြင်းဆိုပါတယ်။ အဖြူရောင်ဝတ် တိုက်ခိုက်သူတချို့ဟာ လျှို့ဝှက် လူဆိုးဂိုဏ်းဝင်တွေနဲ့ ဆက်စပ်သူတွေဖြစ်ပြီး တချို့ကတော့ ဒေသခံတွေဖြစ်တယ်လို့ ဟောင်ကောင်ရဲတို့က ပြောပါတယ်။

ဟောင်ကောင်တောင်ဘက် ၆ မိုင်အကွာ၊ တရုတ်နိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ Yuen Long က လမ်းမတွေပေါ်မှာ ဒီကနေ့ နေ့လည်ပိုင်းမှာပဲ ဆန္ဒပြပွဲတွေစတင်ခဲ့သလို ရဲတွေကလည်း အပြင်းအထန်နှိမ်နှင်းခဲ့ပါတယ်။

ဥပဒေကိုနားလည်တဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဥပဒေကို ချိုးဖောက်နေတယ်ဆိုပြီးဆန္ဒပြသူတွေက အော်ဟစ် ကြွေးကျော်ခဲ့ကြပါတယ်။ ဟောင်ကောင်က ရထားလမ်းပို့ဆောင်ရေးကွန်ယက်ကလည်း ပုံမှန်ရပ်နေကျ Yuen Long ဘူတာမှာ ရထားဆိုက်မှာမဟုတ်ဘူးလို့ ကြေငြာထားပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ချီတက်ဖို့ဆိုပြီး စီးပါွးရေးလုပ်ငန်းနဲ့ ဌာနအတော်များများကိုလည်း ပိတ်ထားပါတယ်။ သူနာပြု ဌာနကိုလည်း ယာယီပိတ်ထားသလို အားကစားကွင်းတွေကိုလည်း ခပ်စောစောပဲ ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG