သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ ရဲကို ထောက်ခံသူတွေ သောင်းချီဆန္ဒပြ


ဟောင်ကောင်ရှိ ဆန္ဒပြသူများ (ဇူလိုင်၊ ၂၀၊ ၂၀၁၉)

ဟောင်ကောင်ကျွန်းမှာ စနေနေ့က လူပေါင်း သောင်းနဲ့ချီ ချီတက်ခဲ့ကြပြီး ရဲတွေကို ထောက်ခံကြောင်းနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။

တရုတ် ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေမှာ ရဲတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကြား အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီး ဟောင်ကောင်မှာ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာပါ။

ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းပေးနိုင်ရေး ဆိုင်းငံ့ထားတဲ့ ဥပဒေကြမ်း အပေါ် ဟောင်ကောင် အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီး တရပ် ကျင်းပဖို့ တရက်အလိုမှာ Safeguard Hong Kong – ဟောင်ကောင် ကာကွယ်ရေး ဆိုတဲ့ လူထု စည်းဝေးပွဲ ထွက်ပေါ်လာတာပါ။

တနင်္ဂနွေနေ့ ဆန္ဒပြပွဲ အကြိုမှာ အေးအေးဆေးဆေး ရှိကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားမယ်လို့ ခန့်မှန်းရပါတယ်။ အရင် ဆန္ဒပြပွဲတွေမှာတုန်းက လမ်းတွေ ပိတ်ဖို့ တက်ကြွလှုပ်ရှားသူတွေ သုံးခဲ့ကြတဲ့ သတ္တု အကာအရံတွေကိုလည်း ချီတက်ပွဲ လမ်းကြောင်း ဧရိယာကနေ အာဏာပိုင်တို့က ဖယ်ရှားထားပါတယ်။

ဟောင်ကောင်ကို လွှဲပြောင်းပေးအပ်ပြီးနောက်ပိုင်း အကြီးကျယ်ဆုံး တော်လှန်ရေးကို ကြုံတွေ့နေရတာလို့လည်း ဥပဒေပြုရေး ကောင်စီ အကြီးအကဲဟောင်း Jasper Tsang က ပြောပါတယ်။

ဗြိတိန် အုပ်ချုပ်မှုအောက်ကနေ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်ပြည်မကြီးထံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ကျင့်သုံးနေတဲ့ တနိုင်ငံ စနစ် နှစ်မျိုးမူအပေါ်မှာလည်း အကြီးမားဆုံး စိန်ခေါ် အကဲစမ်းမှုကြီးနဲ့ ကြုံတွေ့နေရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ညနှောင်းပိုင်းမှာ စီးပွားရေး အဆောက်အအုံ တခုကို ၀င်ရောက်စီးနင်းမှုအတွင်း အမျိုးသား တဦးကို ဖမ်းဆီးခဲ့ပြီး ပေါက်ကွဲအားပြင်းတဲ့ TATP လက်လုပ် ဖောက်ခွဲပစ္စည်း ၂ ကီလို ဂရမ်လောက်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း AP သတင်းဌာနက စနေနေ့မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG