သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြသူတွေအပေါ် ဗြိတိန်ထောက်ခံမှု တရုတ်ဝေဖန်


ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ကိုထောက်ခံကြောင်း ဗြိတိန်က ပြောဆိုခဲ့တဲ့နောက် ဗြိတိန်ဟာ ထင်ထင်ပေါ်ပေါ် ကြားဝင်နှောက်ယှက် နေတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။ ဗြိတိန်ကလည်း ဟောင်ကောင်ကို တရုတ်ကို လွှဲပြောင်းပေးချိန်က ဟောင်ကောင်အနေထားနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို ဖေါက်ဖျက်မယ် ဆိုရင် ကြီးမားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ်အစိုးရကို သတိပေးလိုက်ပါတယ်။

ဒီမိုကရေစီရေး ထောက်ခံသူတွေကတော့ ဟောင်ကောင်လူထု လွတ်လပ်အောင် လုပ်ပေးဖို့ ဗြိတိန်မှာ ဝတ္တရားရှိသလို တရားဝင်လည်း လုပ်နိုင်တဲ့အတွက် အခုထက်ပိုပြီး ဗြိတိန်ဘက်က ဆောင်ရွက်ပေးဖို့ တိုက်တွန်းနေပါတယ်။ လန်ဒန်က Henry Ridgwell ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အတွက် ဗြိတိသျှ ယူနီယံဂျက် အလံဟာ ထင်ရှားတဲ့ အထိမ်းအမှတ်တခု ဖြစ်နေတာပါ။ ဟောင်ကောင်ကို တရုတ်အုပ်ချုပ်မှုအောက် ဗြိတိန်ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ၂၂ နှစ်မြောက် ဖြစ်တဲ့ ဒီနှစ်ထဲမှာ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ အတူ နှစ်ပတ်လည်နေ့ ကျရောက်တဲ့ တနင်္လာနေ့ကတော့ တရုတ်အုပ်ချုပ်မှုကို မကျေနပ်ကြောင်း ဒေသခံတွေက ထင်ထင်ရှားရှား ပြသခဲ့ကြတာပါ။

ဟောင်ကောင်မှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းခွင့်ပြုမယ့် ဥပဒေသစ်တရပ် ပြဌာန်းဖို့ အာဏာပိုင်တွေက ကြိုးစားလာတဲ့အတွက် ဟောင်ကောင်တလွှား ဆန္ဒပြမှုတွေဖြစ်ပွါးခဲ့တာပါ။ ဒီလိုဥပဒေမျိုး ပြဌာန်းဖို့ လုပ်တာဟာ ဟောင်ကောင်ကို လွှဲပြောင်းပေးစဉ်က ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ကို ချိုးဖေါက်တာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။

“တနိုင်ငံ စနစ် ၂ မျိုးနဲ့ အုပ်ချုပ်ခွင့်ရှိတဲ့ နိုင်ငံတကာ လိုက်နာရမယ့် သဘောတူညီချက် တရပ်ကို ၁၉၈၄ ခုနှစ်မှာ ဗြိတိန်က လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပြီး ဒါဟာ ဟောင်ကောင်လူထု အတွက် အခြေခံ လွတ်လပ်ခွင့်တွေ ပေးထားတာဖြစ်ပါတယ်။ ကျနော်တို့က ဒီသဘောတူညီချက် အတိုင်း အပြည့်အဝ ရပ်တည်မှာ ဖြစ်သလို ဟောင်ကောင်လူထု ဘက်ကလည်း အပြည့်အဝ ရပ်တည်မှာပါ။ တကယ်လို့ တရုတ်ဘက်က ဒီ နိုင်ငံတကာ တရားဝင် သဘောတူညီချက်ကို မလိုက်နာဘူးဆိုရင် ကြီးမားတဲ့ အကျိုးဆက်တွေ တွေ့ရမှာ ဖြစ်ပါတယ်။”

ဗြိတိန်ရဲ့ အခုလို ပြောဆိုချက်အတွက် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က ဗုဒ္ဓဟူးနေ့မှာ ပြန်လည် တုန့်ပြန်လိုက်ပါတယ်။

ဗြိတိန်နိုင်ငံဟာ ဟောင်ကောင်ကို နေရာတိုင်းမှာ အကာကွယ်ပေးမယ့် နေရာမှာ နေမယ်ဆိုရင် ဒါဟာ ခံယူမှု လွဲမှာတာ သက်သက် ပါပဲလို့မန်ဒရင်းဘာသာနဲ့ ပြောသွားတာပါ။ ဒါ့အပြင် ဟောင်ကောင်ကို ဗြိတိသျှတွေ အုပ်စိုးနေတဲ့ အချိန်တုန်းကရော ဒီမိုကရေစီရေး ပြောဆိုမှုတွေ ရှိသလားလို့ မစ္စတာ Hunt ကို မေးချင်ကြောင်းနဲ့ အဲဒီအချိန်တုန်းက ဟောင်ကောင်သားတွေ အနေနဲ့ ဆန္ဒပြခွင့်တောင် မရှိဘူးလို့ ပြောသွားတာပါ။

အခု ဖြစ်ရပ်ဟာ တရုတ်အစိုးရအတွက် တရုတ်- ဗြိတိန် ဆက်ဆံရေး တင်မကပဲ ဒီ့ထက်ပိုပြီး ကျယ်ပြန့်မှု ရှိနေတယ်လို့ လန်ဒန် တက္ကသိုလ် က နိုင်ငံရေးသုံးသပ်သူ ပါမောက္ခ Steve Tsang ကပြောပါတယ်။

“ဒီနေရာမှာ အဓိက ပြဿနာက ဟောင်ကောင်နဲ့ ပတ်သက်ပြီး ဗြိတိန်က လုပ်ဆောင်ပေးရမယ့် တာဝန်ဝတ္တရား မဟုတ်ပါဘူး။ နိုင်ငံတကာ သဘောတူညီချက်တွေကို တရုတ်က ဘယ်လိုလိုက်နာ လုပ်ဆောင်တယ် ဆိုတာပါ။”

၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို တရုတ်လက် လွှဲပြောင်းပေးလိုက်တာဟာ ဗြိတိသျှအုပ်ချုပ်မှုလုံးဝ အပြီးသတ်သွားပြီလို့ အများက ရှုမြင် ကြတာပါ။ အဲဒီအချိန်က ဟောင်ကောင်မှာ ဗြိတိသျှ အုပ်ချုပ်ရေးမှုး အဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ Chris Patten ကတော့ ဗြိတိန်အနေနဲ့ ခုထက် ပိုပြီးလုပ်ဆောင်ပေးဖို့ လိုလားတယ်လို့ ပြောပါတယ်။

“ဟောင်ကောင်နဲ့ ပတ်သက်ပြီး ကျနော်တို့က ဂုဏ်ယူသင့်သလို ဟောင်ကောင်သား တဦးချင်းစီ အတွက် ကျနော်တို့မှာ တာဝန်ရှိတယ် ဆိုတဲ့ အသိရှိသင့်ပါတယ်။ ဆိုလိုချင်တာက အဲဒီမှာ ဖြစ်ပျက်နေတာတွေ အတွက် ထုတ်ဖေါ် ပြောဆိုရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒါပေမယ့် ဗြိတိန် အီးယူကနေ ခွဲထွက်တဲ့ ကိစ္စရှိနေတာကြောင့် ဗြိတိန်နိုင်ငံအတွက် ရွေးချယ်စရာက အကန့်အသတ်ဖြစ်နေတယ်လို့ ပါမောက္ခ Steve Tsang က ပြောပါတယ်။

“တရုတ်က အင်အားကြီးထွားလာနေတာ ဖြစ်ပြီး ဒုတိယ အင်အားအကြီးဆုံး ဖြစ်ဖို့ အလားအလာရှိနေပါတယ်။ ဒီအချိန်မှာ ဗြိတိန်ကတော့ သူ့အနာဂတ် တောင် မရေရာတဲ့ အနေထားဖြစ်နေတာပါ။ ဒါကြောင့် ခုလို အချိန်မျိုးမှာ တရုတ်နဲ့ ဘယ်အငြင်းပွါးမှု မျိုးကို မဆို ဖြေရှင်းဖို့ ကြိုစားရာမှာ ဗြိတိန်ရဲ့ အနေထားက တရုတ်လောက် မကောင်းပါဘူး။”

တရုတ်အစိုးရကတော့ ဆန္ဒပြမှုတွေဟာ ပြည်တွင်းရေးတခုပဲ ဖြစ်ပြီး ဒါကို ဝင်ရောက်နှောက်ယှက်ဖို့ ပြည်ပဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ကြိုးစားမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG