သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြ အကြမ်းဖက်မှု အုပ်ချုပ်ရေးမှူး ဝေဖန်


ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြသူတွေရဲ့ အလွန်အကျွံ အကြမ်းဖက်မှုနဲ့ ဖျက်လိုဖျက်စီး လုပ်ရပ်တွေကြောင့် အများအပြား စိတ်မကောင်း ဖြစ်ရတယ်လို့ ပြဿနာပေါင်းစုံကြုံနေရတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဥပဒေပြုရေး ကောင်စီ အဆောက်အအုံထဲကို အချိန်တိုလေး အတွင်း အတင်း ဝင်ရောက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေက အလွန်အကျွံ အကြမ်းဖက်ပြီး ဖျက်စီးမှုတွေကြောင့် လူပေါင်းများစွာကို ဝမ်းနည်း တုန်လှုပ်ခဲ့ကြတာကို မြင်တွေ့ခဲ့ရတယ်လို့ အုပ်ချုပ်ရေးမှူး Lam က ပြောဆိုတာပါ။ ဒါကြောင့် အထူးဘဲ ကန့်ကွက် ရှုတ်ချကြရမယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်မကြီးထံ ပြန်လည် လွှဲပြောင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ တနလာၤနေ့မှာ ဟောင်ကောင် ဥပဒေပြုရေး ကောင်စီ အဆောက်အအုံထဲကို ဆန္ဒပြသူတွေ စီးနင်းဝင်ရောက်ပြီး ရုပ်ပုံတွေ ဖျက်စီး၊ နံရံတွေကို ဆေးတွေနဲ့ မှုတ်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲခဲ့ပြီးနောက်မှာ ဟောင်ကောင် အုပ်ချုပ်ရေးမှူးက အခုလို ပြောဆိုခဲ့တာပါ။

ဟောင်ကောင်ကို လွှဲပြောင်းပေးမှု နှစ်ပတ်လည်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆန္ဒပြပွဲတွေကတော့ တရုတ်ပြည်မကြီးကို တရားခံ လွှဲပြောင်းပေးရေး ခွင့်ပြုမယ့် အငြင်းပွားဖွယ် ဥပဒေကြမ်းကြောင့် ပေါ်ပေါက်လာတာပါ။

ဒီဥပဒေကြမ်း အပေါ် ဇွန်လ အတွင်း အကြီးအကျယ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ဒီဥပဒေကြမ်းကို ဆိုင်းငံ့ပြီး တောင်းပန်ခဲ့ပြီး နောက်ထိပါ ဆက်ပြီး ဆန္ဒပြခဲ့ကြတာပါ။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Lam က တော့ အကြမ်းဖက်မှုတွေကို ရှုတ်ချ ပြောဆိုပါတယ်။ ဒါ့အပြင် ဟောင်ကောင် စံတော်ချိန် အင်္ဂါနေ့ ညနေ ၄ နာရီမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့လည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG