သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KBC အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်လည်လွတ်မြောက် 


ဒေါက်တာခလမ်ဆမ်ဆွန် ထောင်မှလွတ်လာအပြီး တွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၄)
ဒေါက်တာခလမ်ဆမ်ဆွန် ထောင်မှလွတ်လာအပြီး တွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၄)

ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရာက လွတ်ငြိမ်းသက်သာခွင့်နဲ့ ဧပြီ ၁၇ ရက်က လွတ်လာခဲ့ပေမဲ့ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးထားခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး ပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို အခုနောက်ဆုံး ပြန်လွှတ်ပေးလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

၃ လကျော်အကြာ ဒီကနေ့နေ့လည်ပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တာလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ PCG က လမိုင်ဂွန်ဂျာက ဗွီအိုအေကို အတည်ပြုပါတယ်။

"လွတ်တယ်ဆိုတာသိရတယ်လေ။ မနက် ၁၁ခွဲမှာလွတ်ပေးတယ်။ဟုတ်တယ် ဒီမနက်ပေါ့။ ၁၁ခွဲ ၁၁ခွဲ လောက်ကပေါ့။ ကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ အခုတော့အိမ်မှာနားနေပါတယ်။"

ပုဒ်မ ၃ ခုနဲ့ထောင်ဒဏ် ၆နှစ် ချမှတ်ထားခံထားရတဲ့ ‌‌KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့အတူ ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်လွှတ်ပေးပြီး နာရီပိုင်းအကြာမှာဘဲ သူ့နေအိမ်ကနေ ပြန်လည်ဖမ်းဆီးသွားခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင် ရိပ်သာမှာ ထားရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြန်ဖမ်းဆီးတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးဖို့ ခေါ်ထားတာလို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပေမဲ့ လက်တွေ့မှာ ဆွေးနွေးမှု တစုံတရာ မရှိဘူးလို့လည်း နီးစပ်သူတွေက ပြောပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူးဝါလရှီးလ အပြင် သယံဇာတ ဝန်ကြီး ဦးတူးခေါင်၊ ပညာရေးဝန်ကြီး ဆရာမ ဒေါ်ဂျာထွယ်ပန် တို့နဲ့ လိုင်ဇာမြို့မှာတွေ့ဆုံခဲ့တာ ကြောင့် ၂၀၂၃ ဇန်နဝါရီ ၁၁ ရက်မှာ ဗိုလ်မှူး သူအောင်ဇော်ဆိုသူက မြစ်ကြီးနား ရဲစခန်းမှာ မတရား အသင်း ဆက် သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု ၅၀၅(က) တို့နဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ကို အမှုဖွင့်ခဲ့ပါတယ်။ တရားရင်ဆိုင်နေချိန်မှာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထပ်မံတရားစွဲဆိုခဲ့ပြီး ထောင် ၆နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် "KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။

လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ Donald Trump ကို အမေရိကန်ပြည်ထောင်စု၊ သမ္မတအိမ်ဖြူ တော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီလို သွားရောက်ခဲ့တဲ့အတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်း အမှုကို ပြန်ရုပ်သိမ်းပေး ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG