သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ကျန်းမာရေး မိသားစုစိုးရိမ်


ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်

ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထား ရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် အမှုတွေအတွက် ပြင်ဆင်ချက်အယူခံ လျှောက်လဲချက်ကို ပြီးခဲ့တဲ့ ဇူလိုင်လထဲက ကချင်ပြည်နယ် တရားလွှတ်တော်ကို တင်ထားပေမယ့် ဘာမှ အကြောင်းမပြန်သေးသလို ခုချိန်ထိ သူ့ရှေ့နေနဲ့ရော မိသားစုနဲ့ပါ တွေ့ခွင့်မရတဲ့ အတွက် စိတ်ပူနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီသတင်းရန်ကုန်က ပေးပို့လာတာကို ကိုရန်နိုင် တင်ပြပေးပါမယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထူးအကြံပေး သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ် ဆမ်ဆွမ်ကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ အတွက် ထောင်ဒဏ် ၂ နှစ်၊ တပ်မတော်ကို အကြည်ညိုပျက်အောင် သွေးထိုးလှုံဆော်မှု ၅၀၅(က) အတွက် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ကျခံဖို့ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ချမှတ်ခဲ့တာပါ။ ဒီအတွက် ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့ပေမဲ့ ပလပ်ခံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ သူ့အပေါ် စွပ်စွဲထားတဲ့ပုဒ်မတွေဟာ ကျူးလွန်မှုမရှိခဲ့တဲ့အတွက် ချမှတ်ထားတဲ့ပြစ်ဒဏ်ကို ပြင်ဆင်ပေးဖို့ ပြည်နယ်တရား လွှတ်တော်ကို အယူခံ လျှောက်လဲချက် တင်ခဲ့ပေမဲ့ အခုထိ ဘာမှ မသိရသေးဘူးလို့ သူ့ရှေ့နေဖြစ်သူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

"ပြည်နယ်မှာပြင်ဆင်မှု တပ်တက်ထားတယ် ခုထိ အမိန့်မချသေးဘူးရှင့်။ အမိန့်မချသေးဘူး။ မိသားစုနဲ့ တောင်ခုထိ ပေးမတွေ့ဘူး။ ကျမတို့ကျတော့လည်း မပေးတွေ့ဘူး။ အမှုပြီး ကတည်းက ပြန်မတွေ့တော့ဘူး။ ကျမကျတော့ ဥပဒေပိုင်းဆိုင်ရာနဲ့ တရားရုံးကို အယူခံတယ်။ ပလပ်တယ်။ ပြန်အယူခံပြင်ဆင်ချက် တပ်ထားတယ်။ ခုတော့ အမိန့်မချသေးဘူး။ ပြည်နယ်ကို တင်ထားတာတော်တော်ကြာပြီ။ ခုထိ အမိန့်မချသေးတာဘဲ ရှိတယ်။"

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တို့ပါဝင်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်း အက်ဥပဒ ၁၇/၁ နဲ့တရားစွဲခဲ့တာပါ။ ၅၀၅(က) အတွက်ကတော့ လူငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့ အချိန် နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင်နဲ့ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ အကြမ်းဖက်ဥပေဒပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။ မိသားစုဝင် တဦးကတော့ စွပ်စွဲထားတဲ့ပုဒ်မတွေကို သူ ကျူးလွန်ခဲ့တာမရှိသလို ကျန်းမာရေးမကောင်းသူမို့ အမြန်ဆုံးလွှတ်ပေးနိုင်ဖို့ အထူးမျှော်လင့်နေတယ်လို့ ခုလိုပြောပါတယ်။

"ခုထိမတွေ့ရသေးဘူးရှင့်။ ကျမတို့ကတော့အမြန်ဆုံးလွတ်စေချင်တာပေါ့။ နိုင်ငံရေးလုပ်သူလဲ မဟုတ် နိုင်ငံရေးပါတီဝင်လဲမဟုတ်လေနော့်။ သူကဓမ္မကုသိုလ်ဆောင်ဆိုတော့ ခုလိုဖမ်းဆီးထားတာ ပြန်လွှတ်ပေးသင့်ပြီလို့ "

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မွေးရာပါအဆုတ်ရောင်ရောဂါ ခံစားနေရသူဖြစ်တဲ့ အပြင် နှလုံးနဲ့သွေးတိုး ရောဂါရှိြ့ပီး ကိုဗစ်ပါ အကူးစက်ခံခဲ့ရပြီးနောက် လေပြွန်ယောင်ရောဂါ ခံစားခဲ့ရပြီး မကြာခဏဆိုသလို ရင်ကြပ်တတ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ လက်ရှိ သူ့ကျန်းမာရေးအခြေအနေကို သိရဖို့ မိသားစုအနေနဲ့ တွေ့ခွင့်ရချင်ပေမဲ့ ဖမ်းသွားချိန်ကစလို့ ခုချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ လည်း မိသားစုဝင်တွေက ဗွီအိုအေကို ပြောပါတယ်။

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာ ရှိလို့ဆိုပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပုဒ်မတွေတပ်ကာတရားစွဲဆိုထောင်ချခဲ့တာ အခုဆို ၈လကျော် ပြီဖြစ်ပါတယ်။ ဖမ်းဆီးချိန်ကနေစလို့ မိသားစုနဲ့ကော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အဖွဲ့တွေနဲ့ပါ တွေ့ခွင့်မရခဲ့ပါဘူး။ တရားဝင်တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်စာတင်ထားပေမယ့် အကြောင်းမပြန်သေးဘူးလို့ KBC တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

"တွေ့ဆုံခွင့်ကိစ္စကဘာမှတော့မကြားမိဘူး။ ဘာမှအကြောင်းပြန်တာမရှိသေးဘူး။ ဘာမှထွေထွေ ထူးထူးကျနော်တို့မကြားမိဘူး။ ဘာမှတုံ့ပြန်ပေးတာမရှိသေးဘူး။ ကျနော်တို့ အယူခံတင်ထားတဲ့ သဘောရှိတယ် ပြည်နယ်အဆင့်ပေါ့။ အဲဒါလည်းဘာမှအကြောင်းမပြန်ဘူး။ ဆိုတော့ကျနော်တို့စိတ်ပူတာပေါ့။ ထောင်တွေလည်းချလိုက်တော့ ကြာလာရင် ကျန်းမာရေး ထိခိုက်လာမှာကျနော်တို့စိတ်ပူတယ်။"

KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူ ဆရာတော်ကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌဆီ စာတင်တောင်းဆိုထားပေမဲ့ တစုံတရာ အကြောင်းပြန်တာမရှိပါဘူးလို့လည်း KBC က ပြောပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းနဲ့ ကချင်စစ်ဘေး ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG