သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တိုက်ရိုက်သတင်းယူခွင့် ကန့်သတ်မှု မီဒီယာသမားတွေဝေဖန်


လွှတ်တော် ၃ ရပ်မှာ မီဒီယာတွေကို တိုက်ရိုက်သတင်းရယူခွင့် ကန့်သတ်လိုက်တာဟာ တပ်မတော်သား ကိုယ်စားလှယ်က စက်ခလုတ်နှိပ်ပြီး ကိုယ်စားမဲပေးတာနဲ့ ဆက်စပ်နေကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် အထင်အမြင် လွဲှမှားစေနိုင်မှုကြောင့်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ရှင်းလင်းခဲ့ပါတယ်။

ဒီအချက်အပေါ်မှာတော့ သတင်းမီဒီယာသမားတွေက သဘောမတူကြပါဘူး။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေချိန် Interpreter booth ခေါ် ဘာသာပြန်ခန်းကနေ သတင်းမီဒီယာတွေကို တိုက်ရိုက် သတင်းရယူခွင့်ပြုခဲ့ရာက ဒီရက်ပိုင်းတွေအတွင်းမှာ ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။

ဒီလိုပိတ်ပင်လိုက်တဲ့အပေါ် ဝေဖန်ရေးသားတာတွေ ရှိလာခဲ့ပြီးနောက် သတင်းမီဒီယာတွေကို တိုက်ရိုက် သတင်းရယူတာကို ကန့်သတ်တာဟာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက မဲခွဲချိန်မှာရှိမနေတဲ့အနီးက အခြားကိုယ်စားလှယ် ၂ ဦးအတွက် စက်ခလုတ်နှိပ် မဲပေးနေတဲ့ သတင်းဓာတ်ပုံကို လွှတ်တော်ထဲက လက်ပွားကိုယ်တော်တွေနဲ့ သံသယဖြစ်စရာ မဲရလဒ်များ ဆိုတဲ့ခေါင်းစဉ်နဲ့ ဂလိုဘယ်သတင်းစာဂျာနယ်မှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒီဓာတ်ပုံနဲ့ သတင်းပါလာပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက သတိပေးပြောကြားခဲ့သလို တပ်မတော်ကိုယ်စားလှယ် အစုအဖွဲ့ကလည်း ဖြေရှင်းချက်စာ ပေးပို့ခဲ့တယ်လို့ သူရဦးရွှေမန်းက ဆက်လက် ရှင်းလင်းပါတယ်။ သတင်းမီဒီယာတွေ ကန့်သတ်ရတဲ့အကြောင်းကိုတော့ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်ကို အခုလို တင်ပြပါတယ်။

“ဒီစာမှာ အဲဒီနေ့က မဲပေးချိန်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့ ၂ ဦး ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးသို့ တက်ရောက်နေတဲ့အတွက် ဗိုလ်မှူးချုပ် အောင်ကျော်နဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်ဦးတို့က ၎င်းတို့ကိုယ်စား စက်ခလုတ်နှိပ် မဲပေးခဲ့ခြင်းဖြစ်ကြောင်း၊ နောင်တွင် အလားတူ မဖြစ်စေရေး သတိပြု ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ သဘောရိုးဖြင့် ဆောင်ရွက်ခဲ့တာဖြစ်လို့ မီဒီယာများအနေဖြင့်လည်း အကျိုးအကြောင်း ရှေ့နောက်ချင့်ချိန်ပြီး မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်မှုများ ဆက်လက် မပေါ်ပေါက်စေရေး တည့်မတ်ဆောင်ရွက်ပေးရန် ဖော်ပြပါရှိပါတယ်။ ၎င်းရဲ့တင်ပြချက်ဟာ လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မီဒီယာအဖွဲ့များအတွက် သင့်တင့်မျှတတဲ့ တင်ပြမှုဖြစ်တဲ့အတွက် လွှတ်တော်အစည်းအဝေး ခန်းမကြီးအတွင်းကို ကြည့်ရှုတွေ့မြင်နိုင်တဲ့ ဘာသာပြန်အခန်း Interpreter booth များအတွင်း မီဒီယာဝင်ရောက်ပြီး ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးခွင့်ကို ကန့်သတ်ခဲ့တာဖြစ်ပါတယ်။”

သတင်းမီဒီယာတွေကို ကန့်သတ်တဲ့ အခြားအကြောင်းအချက်ကတော့ လုံခြုံရေးနဲ့လည်း ဆက်စပ်နေတယ်လို့လည်း ဆက်လက် ပြောပါတယ်။

“အစောကပြောခဲ့တဲ့ လက်ပွားကိုယ်တော်များကိစ္စ မတိုင်ခင်ကလည်း ဒီအခန်းများကနေ ရိုက်ကူးပြီး ဒီလိုပဲ သတင်းဂျာနယ်များမှာ ဖော်ပြခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ လုပ်ဆောင်မှုများ မြင်မကောင်းအောင် တွေ့ရှိခဲ့တာ ရှိပါတယ်။ ဒီအခြေအနေကို သုံးသပ်ရင် နောက်ပိုင်းမှာလည်း ဒီလိုကိစ္စရပ်မျိုးတွေ ထပ်ဖြစ်လာနိုင်ပြီး၊ ပိုမို အထင်အမြင် လွဲမှားတာတွေ၊ မလိုလားအပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အခုလိုကာလမှာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များပါ ဆက်စပ်ဖြစ်ပေါ်လာနိုင်တဲ့အတွက် ယခုလို ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါတယ်။”

ပြည်ထောင်စုလွှတ်တော်နာယကရဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်စားမဲပေးတဲ့ တင်ပြချက်အပေါ် မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော်သတင်းဌာနခွဲ တာဝန်ခံ ဦးစိုးသန်းလင်း အခုလို သုံးသပ် ပြောဆိုပါတယ်။

“အဲဒီလစ်လပ်ခုံဘေးနားက တပ်မတော်သား ကိုယ်စားလှယ် ၂ ယောက်က သူတို့အစား မဲထည့်လိုက်တာ။ မဲထည့်လိုက်တာဆိုတော့ တယောက်ကို တမဲဆီ ပိုပြီးတော့ ပေးလိုက်တာပေါ့ဗျာ။ အဲဒီသဘောပါ။ အဲ့လိုပေးလိုက်မိပါတယ်။ ဒါ သဘောရိုးနဲ့ လုပ်ခြင်းသာဖြစ်ပါတယ်။ နောက်ကို မလုပ်အောင် ဆင်ခြင်ပါ့မယ်လို့ ဆိုပြီးတော့ ဦးရွှေမန်းက ကျနော်တို့ကို ပြန်ပြောပြတယ် တရားဝင်ပေါ့ဗျာ။ အခုကတော့ သေသေချာချာ ရှင်းရှင်းလင်းလင်းပေါ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားများဟာ ဒီလိုမျိုး လစ်လပ်သွားတဲ့ တပ်မတော်သား ကိုယ်စားလှယ်အစား မဲထည့်ခဲ့တယ်ဆိုတဲ့ကိစ္စက အတိအကျဖြစ်သွားတာပေါ့လေ။ confirm ဖြစ်သွားတာပေါ့။”

လွှတ်တော်တွင်းက အခြေအနေတွေကို သတင်းမီဒီယာတွေက ဖော်ထုတ်တဲ့အတွက် တိုက်ရိုက် သတင်းရယူခွင့်ကို ပိတ်ပင်လိုက်တဲ့အပေါ်မှာ ဦးစိုးသန်းလင်းက အခုလို ဆက်ပြောပါတယ်။

“ကျနော်တော့ ဘာစဉ်းစားမိသလဲဆိုတော့ ဒီလုပ်ရပ်မှာ ကျနော်တို့ဘက်က မမှားဘူးဗျ။ မီဒီယာဘက်က။ ဥပဒေနဲ့မညီတဲ့ မဖွယ်မရာ ဆောင်ရွက်ချက်တွေ၊ အထူးသဖြင့် ဒီလို မဲပေးတဲ့ကိစ္စ ကျနော်တို့နိုင်ငံ အနာဂတ်အတွက် အရမ်း အရေးကြီးတာပဲလေ။ အခုကျတော့ ဒီလို ဖော်ထုတ်တဲ့လူတွေကို နောက် ဖော်ထုတ်ခွင့် မရတော့အောင် ဒီအထဲမှာ ဓာတ်ပုံရိုက်ခွင့်ကို ကန့်သတ်လိုက်တယ်ဆိုတော့ မလုပ်သင့်တာ လုပ်တဲ့လူတွေက ကျနော်တို့ရဲ့ မျက်ကွယ်မှာ မလုပ်သင့်တာတွေကို ပိုလုပ်ဖို့အတွက် အခွင့်အရေး ရသွားနိုင်တာပေါ့။ ပိုလုပ်မယ်လို့တော့ ကျနော် ပြောတာ မဟုတ်ဘူးပေါ့နော်။ ငါတို့ကို စောင့်ကြည့်မယ့်သူတွေ မရှိတော့ဘူး။ စိတ်အေးရပြီကွာ။ မဲ ၁ ယောက်တည်းနဲ့ ၄ မဲပဲ ဆိုဆို၊ ငါတို့မှာတော့ ဂိမ်းပဲဆော့ဆော့၊ အိပ်ပဲအိပ်အိပ် ဆိုတဲ့သဘောမျိုးတော့ ရောက်သွားတယ်ခင်ဗျ။”

လွှတ်တော်အတွင်းမှာ အခုလို သတင်းမီဒီယာတွေကို တိုက်ရိုက် သတင်းယူခွင့်ကန့်သတ်တာဟာ လက်ရှိကျင်းပနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အမျိုးသားပညာရေးဥပဒေ၊ သတ္ထုတွင်းဥပဒေ စတဲ့ အရေးကြီးတဲ့ အကြောင်းရပ်တွေကို ဆွေးနွေးအတည်ပြုမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

XS
SM
MD
LG