သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံခုံရုံး တဖွဲ့လုံး နုတ်ထွက်ဖို့ အမတ်တွေ တောင်းဆို


သြဂုတ်လ ၁၅ ရက်နေ့ လွှတ်တော်တွင်းအစည်းအဝေး တက်ရောက်နေသော လွှတ်တော်အမတ်များအား တွေ့ရစဉ်။
မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့အတွက် လွှတ်တော်အမတ် အများစုက တောင်းဆိုနေကြပါတယ်။ လွှတ်တော်ကော်မီတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်လိုက်တာမို့ လွှတ်တော်အမတ် ၃၀၀ ကျော်က ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း စုပေါင်းလက်မှတ်ထိုး ကန့်ကွက် လိုက်ကြပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်ပေး ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လွှတ်တော်ရေးရာ ကော်မီတီတွေဟာ ပြည်ထောင်စုအဆင့်မှာ ရှိမရှိဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အစိုးရ အဖွဲ့နဲ့ လွှတ်တော်အကြား သဘောထားကွဲလွဲမှုတွေ ဖြစ်နေတာတော့ကြာပါပြီ။ အရင် စစ်အစိုးရ လက်ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲစဉ်ကတည်းက လွှတ်တော်အဖွဲ့အစည်းများ အားလုံး ဟာ ပြည်ထောင်စုအဆင့်ဖြစ်တယ်လို့ ပြဌာန်းထားပြီးဖြစ်တဲ့အပြင် အဲဒီ ဥပဒေကိုလည်း ပြင်ဆင်ခြင်း မလုပ်သေးဘဲ ဒီကော်မီတီတွေဟာ ပြည်ထောင်စု အဆင့်မရှိဘူးဆိုပြီး သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းခဲ့တာပါ။

ဒါဟာ တည်ဆဲဥပဒေကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ပေမယ့် အခြေခံဥပဒေဆိုင်ရာ ခုံးရုံးက အဲဒီ အဆို ကို ထောက်ခံ အတည်ပြုပေးလိုက်တာကြောင့် လွှတ်တော်အမတ် အများစုက အဲဒီ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း လက်မှတ်ထိုးထောက်ခံခဲ့ကြပြီး ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေအားလုံး နုတ်ထွက်ပေး ဖို့ပါ တပါတည်း တောင်းဆိုစာကို လွှတ်တော်အခွင့်အရေး ကော်မီတီကို ပေးပို့လိုက်ကြတာလို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

“အားလုံး ၃၀၁ ယောက်ပေါ့။ အခွင့်အရေးကော်မတီကို တင်တာပါရှင့်။ ဒီကိစ္စမှာတော့ ကိုယ်စားလှယ်တွေအားလုံးကတော့ အားလုံးလည်း ပါတီလည်း ခွဲမထားဘူးပေါ့နော်။ နယ်မြေလည်း မခွဲခြားဘူး။ ကိုယ့်ရဲ့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အပိုင်းပေါ့နော်။လွှတ်တော် ကိုယ်စားလှယ်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ သူတို့ရဲ့ field ပေါ့။ ဘာပဲပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့ နံမည်ကိုက ပြည်ထောင်စုလွှတ်တော်ဆိုတာပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍ တချက်ပေါ့နော်။

နောက်တချက်က ကျတော့ လုပ်ငန်းပိုင်း ဆိုင်ရာမှာ ညှိနှိုင်းဆောင်ရွက် သွားတဲ့အပိုင်းမှာ ကိုယ်က ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုတဲ့အခါမှာ ဒီကော်မတီတွေနဲ့ ဒီ ဝန်ကြီးဌာနတွေ အလုပ်လုပ်တဲ့အခါမှာအခက်အခဲရှိတယ်ပေါ့။”

သူတို့အနေနဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ စာထဲမှာ တောင်းဆို ထားပေမယ့်လည်း အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြင်တာမျိုး လုပ်ပေးရင်တော့ အေးအေးချမ်းချမ်းနဲ့ပဲ ကျေအေးလိုတဲ့ ဆန္ဒရှိတယ်လို့ ဒေါ်ဒွဲဘူကဆက်ပြောပါတယ်။

“ကျမတို့ကတော့ ဒါပြင်ပေးလိုက်ရင်လည်း အားလုံးရဲ့ ဟိုဟာတော့မဟုတ်ဘူးပေါ့နော်၊ ကျမ သီးသန့်ပေါ့၊ ကိုယ့်အနေနဲ့ ဆိုရင်တော့ ဒါပြင်ပေးလိုက်ရင်လည်း ရတာပဲလို့ ကျမတို့က ယူဆတာပဲ။ ကျမတို့ကတော့ ပြင်းပြင်းထန်ထန်တော့ ဘာမှမလုပ်ချင်ပါဘူး။ အခုဥက္ကဋ္ဌ အနေနဲ့လည်း သူလည်း ပြင်းပြင်းထန်ထန် ဘာမှလုပ်ချင်တဲ့စိတ် မရှိပါဘူး။ဒါပေမဲ့ဒီကိစ္စက နဂိုရ်ကတည်းက ပြင်ဖို့ မလိုတဲ့ ကိစ္စပေါ့နော်။ အဲဒီလိုတော့ သုံးသပ်ပါတယ်။ ဒါကျမတို့လည်း အဲဒီလိုပဲခံယူပါတယ်။ ပြင်ဖို့ ဘာမှမလုပ်ဘူး။ ဒါကပြည်ထောင်စုအဆင့်ဖြစ်တယ် မဖြစ်ဘူးဆိုတဲ့ ကိစ္စတွေက နဂိုကတည်းက ဒါကလာပြင်စရာမလိုဘူးလို့ ကျမတို့ကမြင်ပါတယ်။”

ဒါပေမယ့် ဒီကိစ္စဟာ ပြည်သူက တိုက်ရိုက် ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ နဲ့ တိုက်ရိုက် ရွေးချယ်ခြင်း မဟုတ်ဘဲ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးထားတဲ့ အစိုးရဌာနတွေနဲ့ ၀န်ကြီးဌာနတွေ အကြား ဖြစ်နေတဲ့ ကိစ္စမို့ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ဦးစားပေးပြီး ဒီကိစ္စ အဆင်ပြေတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ လသာမြို့နယ်ကိုယ်စားပြု တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ် ဦးတင်မြင့်က ပြောပါတယ်။

“မည်သို့ပင်ဖြစ်စေပေါ့ဗျာ။ ပြည်သူကသာ အဓိကကိုး။ အဲဒီတော့ ပြည်သူက ရွေးချယ် တင်မြှောက် လိုက်တဲ့ သူတွေက အပေါ်ကပဲ ဖြစ်ရမယ်လေ။ သူတို့ကနေပြီးတော့ တဆင့်ခံ ခန့်လိုက်တဲ့ သူတွေ ရယ်၊ အဲဒီ့ ခန့်လိုက်တဲ့လူက ထပ်ပြီးတော့ တိုက်ရိုက်ခန့်လိုက်တဲ့ လူတွေရယ်ကတော့ အောက်မှာပဲ ရှိရမှာပေါ့။ အဲဒီတော့ ဒီကိစ္စကို ကျနော်တို့အနေနဲ့ ကန့်ကွက်ရမယ့်ကိစ္စပဲ။ ဆိုတော့-ဒီဥစ္စာက ရပ်တန်းကရပ်အောင် လုပ်ရမယ့် သဘောလောက်တော့ရှိတယ်။”

လွှတ်တော်အမတ်တွေ အခုလို လက်မှတ်ထိုး ကန့်ကွက်လာတဲ့ကိစ္စကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက သြဂုတ်လ ၁၄ ရက်နေ့ လွှတ်တော် အစည်းဝေးအတွင်း ဖတ်ပြခဲ့ပြီး ဒီကိစ္စကို သမ္မတထံ သ၀ဏ်လွှာရေး အကြောင်းကြားမယ်လို့ ပြောကြားခဲ့တဲ့ အကြောင်း လွှတ်တော်အမတ်တွေ က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုးခဲ့ကြတဲ့ လွှတ်တော်အမတ် ၃၀၁ ဦးထဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD လွှတ်တော်အမတ် အားလုံးနီးပါး အပါအ၀င် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အမတ်တွေ၊ တိုင်းရင်းသား လွှတ်တော် အမတ်တွေနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေ ပါဝင်ကြပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG