သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အန္တရာယ်ရှိ နိုင်ငံစာရင်းမှာ မြန်မာထိပ်ကပါဝင်


(Credit: http://www.ushmm.org/)
(Credit: http://www.ushmm.org/)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့က လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းပြတိုက် United States Holocaust Memorial Museum ကနေ တည်ထောင်ထားတဲ့ Simon-Skjodt Center for the Prevention of Genocide အဖွဲ့ဟာ ဒီနေ့ ကမ္ဘာပေါ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အန္တရာယ်ရှိနေတဲ့ နိုင်ငံတွေကို စာရင်းပြုစုပြီး၊ ကြိုတင်သတိပေးတဲ့ Early Warning Project အဖြစ် တနင်္လာနေ့က ထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံကို နိုင်ဂျီးရီးယား၊ ဆူဒန်၊ အာဖဂန်နစ္စတန်နဲ့ တောင်ဆူဒန် စတဲ့ နိုင်ငံတွေရဲ့ အထက်မှာထားပြီး၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံကို ဘာကြောင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်တာလဲဆိုတာ Simon-Skjodt Center ရဲ့ ဒါရိုက်တာ Cameron Hudson က ရှင်းပြထားတာကို ကိုရဲခေါင်က တင်ပြပေးပါမယ်။

အတိတ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ရပ်တွေဖြစ်တဲ့ ဒါဖာ၊ ဘော့စနီးယား၊ ရဝမ်ဒါနဲ့ ဂျူးလူမျိုးတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ Holocaust ဖြစ်ရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှုတွေ မဖြစ်ခင်မှာ ရှေ့ပြေးလက္ခဏာတွေ ကြိုတင်ဖြစ်ပေါ်ခဲ့တာ တွေ့ရတာကြောင့်၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အခုလို ရှေ့ပြေး လက္ခဏာတွေ ဖြစ်ပေါ်နေတဲ့ နိုင်ငံတွေကို လေ့လာစောင့်ကြည့်ခြင်းအားဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှုတွေ ထပ်မဖြစ်တော့အောင် ထိထိရောက်ရောက် တားမြစ်နိုင်မယ်လို့ Simon-Skjodt Center ရဲ့ ဒါရိုက်တာ Cameron Hudson က ပြောပါတယ်။

“ကျနော်တို့ ဒီပရောဂျက်က ပြောဖို့ ကြိုးစားနေတာဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ လက်ရှိ ဖြစ်နေတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဘယ်နိုင်ငံတွေမှာ ကြီးမားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်လာဖို့ ဘေးအန္တရာယ် ရှိနေသလဲဆိုတာကို အသိပေးတာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံက နံပါတ်တစ်အဖြစ် ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကို သွားကြည့်မယ်ဆိုရင် ဒုက္ခသည် စခန်းလို နေရာတွေမှာ နေထိုင်နေရတယ်။ ဥပဒေအကြောင်းအရ အသိအမှတ်ပြု မခံရတဲ့အတွက် သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေ ရဖို့ ကန့်သတ်ခံထားရပါတယ်။ ဒါတွေအားလုံးဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ရပ်တွေ မဖြစ်လာခင်မှာ တွေ့ရတတ်တဲ့ ရှေ့ပြေး လက္ခဏာတွေ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ခုနှစ်က ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မူဆလင် ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေ အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် အသိုင်းအဝိုင်း နှစ်ဘက်စလုံးမှာ သေဆုံးသူတွေရှိခဲ့ပြီး၊ အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။ ရခိုင်တိုင်းရင်းသားတွေဘက်မှာလည်း ကျေးရွာတွေ ဖျက်ဆီးခံရမှုနဲ့ ရွှေ့ပြောင်းနေထိုင်ခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပြဿနာဟာ တဘက်သတ်ကျူးလွန်မှု သတ်ဖြတ်မှုတွေ မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းနှစ်ခုကြား အပြန်အလှန် ဖြစ်ပွားတဲ့ ပဋိပက္ခတခုအဖြစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးသပ်သူအချို့လည်း ရှိပါတယ်။

မစ္စတာ Cameron Hudson ကတော့ မြန်မာနိုင်ငံက အစွန်းရောက် သံဃာတော်တွေက အမုန်းတရားပါတဲ့ ပြောဆိုရေးသားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာဟာလည်း စိုးရိမ်စရာကောင်းတဲ့ ရှေ့ပြေးလက္ခဏာ တခုဖြစ်တယ်လို့ ဆိုပါတယ်။

“အမုန်းတရားပါတဲ့ ပြောဆိုရေးသားမှုတွေ၊ နှိမ်ချရေးသားမှုတွေကို သြဇာအာဏာရှိတဲ့ ဘုန်းတော်ကြီးတွေ ကိုယ်တိုင်က နိုင်ငံပိုင် မီဒီယာတွေမှာ ဖြန့်ချိနေကြတာဟာ အန္တရာယ်ကြီးပါတယ်။ စိုးရိမ်စရာကောင်းတဲ့ ရှေ့ပြေးလက္ခဏာ တခုလည်းဖြစ်ပါတယ်။ ရိုဟင်ဂျာလူနည်းစုတွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေမှာလည်း တိုက်ခိုက်သူတွေကို အပြစ်ပေးမခံရဘဲ ရှိနေပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ ဒီလူနည်းစုကို တိုက်ခိုက်တာတို့ ဖိနှိပ်တာတို့ကို လုပ်လို့ရတယ်လို့ ယူဆတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာအောင် ဖန်တီးပေးနေတာ ဖြစ်ပါတယ်။”

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အလားအလာရှိတဲ့ နိုင်ငံတွေကို အဆင့်သတ်မှတ်ရာမှာ ဘယ်လို နည်းလမ်းတွေကို အသုံးပြုပြီး လေ့လာသုံးသပ်တယ် ဆိုတာကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့အသုံးပြုတဲ့ နည်းစနစ်ကတော့ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဘာကြောင့် စတင် ဖြစ်ပေါ်ရတယ်ဆိုတာ ရှင်းပြထားတဲ့ သီအိုရီ သုံးခုကို အသုံးပြုပါတယ်။ ဒီသီအိုရီတွေဟာ လူမှုရေး သိပ္ပံ ပညာရှင်တွေနဲ့ သုတေသီတွေက ဖန်တီးထားတဲ့ ပညာရပ်ဆိုင်ရာ သီအိုရီနဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အခြေခံပြီး ဒီလို သတ်ဖြတ်မှုတွေ ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို ရှင်းပြထားတဲ့ စံနမူနာ ပုံစံတွေကို သုံးပါတယ်။ ကျနော်တို့က ဒီသီအိုရီ သုံးခုစလုံးကို ပေါင်းစည်းပြီး မော်ဒယ်တခု ဖန်တီးလိုက်ပါတယ်။ ဒီမော်ဒယ်ကို အခြေခံပြီး ကြိုတင်ခန့်မှန်းချက် သုံးခုကို ဖန်တီးတွက်ချက်ပါတယ်။ အဲဒီကြိုတင်ခန့်မှန်းချက် ရလဒ် သုံးခုကို ပျမ်းမျှခြင်းယူပြီး တခုတည်းသော အဆင့်တခုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ကိန်းဂဏန်းကို အခြေခံပြီး ကြိုတင်ခန့်မှန်းချက် ထုတ်တဲ့ နည်းလမ်းဖြစ်ပြီး၊ ဒီကနေ ရာသီဥတု ခန့်မှန်းတာလို ကိစ္စတွေ အပါအဝင် နေရာအတော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ နည်းစနစ်လည်း ဖြစ်ပါတယ်။”

ခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နိုင်ငံတွေကို စာရင်းပြုစု ဖော်ထုတ်ရာမှာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုကို စုပေါင်းထားတဲ့ Expert Opinion Pool ဆိုတဲ့ အပိုင်းလည်း ပါဝင်နေပါတယ်။ ဒီအပိုင်းမှာ ပါဝင်သုံးသပ်ထားတဲ့ ကျွမ်းကျင်သူတွေရဲ့ ဘက်လိုက်မှုမရှိအောင် ဘယ်လို လုပ်ထားတယ်ဆိုတာကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ရဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အပိုင်းမှာ ရာပေါင်းများစွာသော ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ထည့်သွင်း အသုံးပြုထားပါတယ်။ ဒီလို အရေအတွက် များပြားတဲ့ ကျွမ်းကျင်သူတွေကို ပါဝင်စေပြီး၊ သူတို့ရဲ့သုံးသပ်ထားတဲ့ အမှတ်တွေကို ပျမ်းမျှခြင်း ယူပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကို ဘက်လိုက်မှု အနည်းဆုံးဖြစ်အောင် ကန့်သတ်ပေးပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ ဘေးအန္တရာယ် ရှိနေတာဟာ လူနည်းစုဖြစ်တဲ့ အစွန်းရောက် သံဃာတော်တွေကြောင့်တင် မဟုတ်ဘဲ၊ အစိုးရနဲ့လည်း ဆိုင်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ ဗုဒ္ဓဘာသာဝင် လူများစုကတော့ ရိုဟင်ဂျာတွေကို တိုင်းရင်းသား လူမျိုးစုတခုအဖြစ် အသိအမှတ်မပြုဘဲ၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရောက်လာတဲ့ ဘင်္ဂါလီတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG