သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီယန်နန်မင် နှစ်ပတ်လည် ကျင်းပသူ ၄ ဦး ဟောင်ကောင်မှာ ဖမ်းဆီးခံရ


တီယန်နန်မင် နှစ်ပတ်လည်ပွဲ ဟောင်ကောင်မှာကျင်းပစဉ် လူတချို့ဖမ်းဆီးခံရ (ဇွန် ၅၊ ၂၀၂၄)
တီယန်နန်မင် နှစ်ပတ်လည်ပွဲ ဟောင်ကောင်မှာကျင်းပစဉ် လူတချို့ဖမ်းဆီးခံရ (ဇွန် ၅၊ ၂၀၂၄)

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် တီယန်နန်မင် ရင်ပြင်မှာ ၁၉၈၉ ခုနှစ်က ဒီမိုကရေစီရေး အုံကြွတောင်းဆိုမှုကို ဖြိုခွဲတဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ ဟောင်ကောင်မှာကျင်းပတာကို အာဏာပိုင်တွေက နှိမ်နင်းခဲ့ပြီး လူ ၄ ဦးကို အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ တချို့ကိုတော့ ခေတ္တ ထိန်းသိမ်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဟောင်ကောင်က ဗစ်တိုးရီးယား ပန်းခြံမှာ တီယန်နန်မင် ရင်ပြင် နှိမ်နင်းဖြိုခွဲခံရတဲ့ နှစ်ပတ်လည်နေ့ရောက်တိုင်း မီးထွန်းဆုတောင်းပွဲကျင်းပလေ့ရှိပြီး အဲဒီ အနီးနားဝန်းကျင်မှာ ရဲတွေက ကင်းလှည့်စောင့်ကြည့်နေတာပါ။ နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒထုတ်ဖေါ်သူမှန်သမျှကိုလည်း ထိန်းသိမ်းလေ့ရှိပါတယ်။

ရဲတွေ ဖမ်းဆီးထိန်းသိမ်းတဲ့အထဲ လူတွေက မေ့ပစ်မှာ မဟုတ်ပါဘူးလို့ ဟစ်ကြွေးတဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတဦးလည်း ပါဝင်ပြီး သူ့ကို သွေးထိုးလှုံ့ဆော်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတာပါ။ ဟောင်ကောင်ရဲ့ လုံခြုံရေးဥပဒေသစ် ပုဒ်မ ၂၃ အရ ထောင်ဒဏ် ၇ နှစ်အထိလည်း ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

တခြား ဖမ်းဆီးခံရသူ ၃ ဦးထဲမှာ လုံခြုံရေး ရဲတွေကို ပြန်လှန် ခုခံမှု၊ အမိန့် မနာခံမှု နဲ့ အသက် ၂၃ နှစ်အရွယ်နဲ့ ၂၄ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတဦးတို့ ပါဝင်ပါတယ်။ အဲဒီ အမျိုးသား ၂ ဦးဟာ ဆွစ်ဇာလန်နဲ့ ဂျပန် နိုင်ငံသားတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က VOA ကို ပြောပါတယ်။

တခြား လူ ၅ ဦးကိုတော့ ဆူပူမှုသံသယနဲ့ ခေတ္တ ထိန်းသိမ်းခေါ်ယူမေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ရဲက ပြောပါတယ်။ နှစ်ပတ်လည်နေ့ ကျရောက်တဲ့ ဇွန်လ ၄ ရက်နေ့မှာ တရုတ်နိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့အတူ ဟောင်ကောင်နဲ့ ထိုင်ဝမ်က အတူရပ်တည်ပါတယ်လို့ရေးထားတဲ့ ပိုစတာကို ကိုင်ထားသူ အမျိုးသားတဦးကိုလည်း ရဲတွေက ဖမ်းဆီးသွားတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG