သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ ဆန္ဒပြသူထောင်ဂဏန်း ထပ်မံစုဝေး


ဟောင်ကောင်မှာ ဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ ဒီကနေ့မှာလည်း ထပ်မံပြီးတော့ လမ်းတွေပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူအတော်များများက အနက်ရောင် အင်္ကျီတွေဝတ်ဆင်ပြီး ၊ တချို့တွေကလည်း ဗြိတိန်အလံကိုကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေက ဟောင်ကောင်ရဲ့ လူစည်ကားတဲ့ ဈေးဝယ်စင်တာတွေရှိတဲ့နေရာကနေ တရုတ်နိုင်ငံ ပြည်မကြီး နဲ့ ဟောင်ကောင်ကို ချိတ်ဆက်ပေးထား တဲ့ Kowloon ဘူတာရုံကိုချီတက်ဆန္ဒပြခဲ့ကြပြီး၊ ဆန္ဒပြရာလမ်းတလျှောက်မှာလည်း ဟောင်ကောင်ကို တရုတ်ပြည်မကြီး လက်အောက်ကနေ လွတ်မြောက်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။ အငြင်းပွားစရာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံပြည်မကြီးကနေ ဟောင်ကောင်ကိုလာရောက် လည်ပတ်ကြတဲ့သူတွေကို အသိပေးချင်တာကြောင့် သူတို့ကို တိုက်ရိုက်စကားပြောချင်တယ်လို့ ဆန္ဒပြတဲ့သူတွေကပြောပါတယ်။ ဟောင်ကောင်မှာ ၁ လကြာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သတင်းမီဒီယာတွေမှာ ဖော်ပြခြင်းမရှိပါဘူး။

တရုတ်နိုင်ငံပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို အတည်ပြုပေးဖို့ ဟောင်ကောင်လွှတ်တော်မှာ တင်သွင်းခဲ့တာကို မကျေနပ်တဲ့အတွက် ဟောင်ကောင်ပြည်သူတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ကတော့ အဲဒီ ဥပဒေကြမ်းကို ယာယီရပ်ဆိုင်းလိုက်ပြီး ၊ ဟောင်ကောင်ပြည်သူတွေကို တောင်းပန်ခဲ့ပေမယ့်၊ လုံး၀ ရုပ်သိမ်းခြင်းတော့မရှိသေးပါဘူး။

ဆန္ဒပြတဲ့သူတွေတော့ ဒီဥပဒေကြမ်းကို တရားဝင်ရုပ်သိမ်ပြီး Carrie Lam ကိုလည် ရာထူးကနေ နုတ်ထွက်ပေးဖို့တောင်းဆိုနေကြတာပါ။ ပြီးခဲ့တဲ့ တပတ်က ဆန္ဒပြတဲ့သူတွေက ဟောင်ကောင်ဥပဒေပြုအဆောက်အအုံကို ဝင်ရောက်စီးနှင်း ဖျက်ဆီးခဲ့ပြီးတဲ့နောက် ဒီကနေ့ဟာ ပထမဆုံးပြန်ပြီးတော့ အကြီးအကျယ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ်က ဆန္ဒပြတဲ့သူတွေရဲ့ လုပ်ရပ်ဟာ တနိုင်ငံ စနစ် ၂ ခု နဲ့ သွားနေတာကို တိုက်ရိုက်တိုက်ခိုက် တာဖြစ်သလို၊ ဟောင်ကောင်ရဲ့ တရားဥပဒေစိုးမိုးရေးကို ချိုးဖောက်တာ၊ တယ်လို့ တရုတ်အစိုးရကတော့ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG