သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကဗျာလမှာ မြန်မာ့ ကဗျာတွေ ရွတ်


အမေရိကန် ကဗျာဆုရှင် Chirstopher Merrill က ဝါရှင်တန်မြို့တော် ကွန်ဂရက်စ်လွှတ်တော် စာကြည့်တိုက် မှာ ဦးတင်မိုး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကဗျာရွတ်ဖတ်နေစဉ်။
အမေရိကန် ကဗျာဆုရှင် Chirstopher Merrill က ဝါရှင်တန်မြို့တော် ကွန်ဂရက်စ်လွှတ်တော် စာကြည့်တိုက် မှာ ဦးတင်မိုး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကဗျာရွတ်ဖတ်နေစဉ်။
အမေရိကန်ပြည်ထောင်စုမှာ နွေဦးရာသီကာလ ကဗျာလလို့ သတ်မှတ် ထားတဲ့ ဧပြီလရဲ့ ၃၀ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်မှာ ရှိတဲ့ ကွန်ကရက် လွှတ်တော် အဆောက်အဦးထဲက The Library of Congress လွှတ်တော် စာကြည့်တိုက် ထဲမှာ မြန်မာနိုင်ငံက ထင်ရှား ကျော်ကြားတဲ့ ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးနဲ့ တခြား ထင်ရှားကျော်ကြားတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေကို အင်္ဂလိပ်ဘာသာနဲ့ပြန် ဆိုပြီးတော့ ရွတ်ဆိုကြတဲ့ ကဗျာရွတ်ပွဲကျင်းပခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ ကဗျာရွတ်ဆိုပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မဆုမွန်က တင်ပြထားပါတယ်။
ဝါရှင်တန်ဒီစီ ကွန်ကရက်စာကြည့်တိုက်က ဦးတင်မိုး ကဗျာရွတ်ပွဲ။
ဝါရှင်တန်ဒီစီ ကွန်ကရက်စာကြည့်တိုက်က ဦးတင်မိုး ကဗျာရွတ်ပွဲ။


ဒီကဗျာရွတ်ဆိုပွဲမှာဆိုရင် စာပေမဂ္ဂဇင်း Poet Lore က ထုတ်တဲ့ ကမ္ဘာ့တလွှား ဘာသာပြန် ကဗျာတွဲတွေထဲက မြန်မာ့ကဗျာဆရာကြီးဦးတင်မိုးရဲ့ ကဗျာတွေကို Chirstopher Merrill က ရွတ်ဖတ်ပါတယ်။ စာပေမဂ္ဂဇင်း Poet Lore ရဲ့တင်ဆက်မှုဖြစ်တဲ့ ဒီမြန်မာ့ကဗျာရွတ်ပွဲ အစီအစဉ်ကိုတော့ လွှတ်တော် စာကြည့်တိုက် Library of Congress ရဲ့ အာရှဌာနခွဲနဲ့အတူ ပူးပေါင်းဆောင်ရွက်တာလည်းဖြစ်ပါတယ်။

ဒီမြန်မာ့ ကဗျာရွတ်ပွဲကို အမေရိကန်ရောက် ထင်ရှားတဲ့ မြန်မာ စာရေးဆရာ၊ ကဗျာဆရာတွေ၊ မြန်မာ့ကဗျာနဲ့ ကမ္ဘာ့ကဗျာတွေကို စိတ်ဝင်စားတဲ့ နိုင်ငံတကာက ကဗျာဆရာတွေလည်း တက်ရောက်ကြပါတယ်။

ဝါရှင်တန်ဒီစီက ဦးတင်မိုးကဗျာရွတ်ပွဲ တက်ရောက်သူများ။
ဝါရှင်တန်ဒီစီက ဦးတင်မိုးကဗျာရွတ်ပွဲ တက်ရောက်သူများ။

အခုလိုမျိုး ကဗျာဆရာကြီးဦးတင်မိုးရဲ့ ထင်ရှားကျော်ကြားတဲ့ ကဗျာတွေထဲကနေ ကောက်နှုတ်ပြီး အင်္ဂလိပ်ဘာသာနဲ့ပြန်ဆိုပြီးတော့ ကမ္ဘာ့အထင်ကရ လွှတ်တော်စာကြည့်တိုက်လိုနေရာမျိုးမှာ တလေးတစားဂုဏ်ပြုပြီး ကဗျာရွတ်ဖတ်ကြတဲ့အပေါ် စာရေးဆရာမဒေါ်မေငြိမ်းအမြင်က-

"ကျမကတော့ မြန်မာစာရေးဆရာတစ်ယောက်အနေနဲ့လည်း ဂုဏ်ယူတယ်။ နောက်ပြီး ကွယ်လွန် ဆုံးပါးသွားတဲ့ အချိန် အထိအောင် နိုင်ငံနဲ့ ပတ်သက်ရင် သမိုင်းအရလည်း တာဝန်ကျေတယ်။ နိုင်ငံရေးအရလည်း တာဝန်ကျေတယ်။ ရသ၊ စာပေအရလည်း တာဝန်ကျေတဲ့ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကျမတို့ အမျိုးသားစာဆိုလို့တောင် တင်စားလို့ရလောက်တဲ့ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကဗျာတွေကို ဒီလိုအထင်ကရ Library of Congressလိုနေရာမျိုးမှာ ဘာသာပြန်ပြီးတော့ ရွတ်တယ်ဆိုတာ တော့်တော့်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ဒါကြောင့်လည်း ဒီလိုရွတ်မယ်ဆိုတာ သိလို့လည်း ကျမတို့ တကူးတကကို လာပြီးတော့ ဒီပွဲကို တက်တာပေါ့နော်။ ကျမ အင်မတန်ဂုဏ်ယူပါတယ်။"

လွှတ်တော်စာကြည့်တိုက် ကဗျာရွတ်ဆိုပွဲမှာ ကဗျာဆရာမ မခက်မာက သူ့ရဲ့ကဗျာတပုဒ်ကို ရွတ်ဖတ်ပါတယ်။

ဒီကနေ့ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ကဗျာရွတ်ပွဲကို ကျင်းပတဲ့ Library of Congress လွှတ်တော် စာကြည့်တိုက်ဟာဆိုရင် ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် တစ်ခုဖြစ်ပါတယ်။ မြန်မာဘာသာ အပါအဝင် ဘာသာစကားပေါင်း ၄၇၀ကျော်နဲ့ ရေးသား ထုတ်ဝေထားတဲ့ စာအုပ်အမျိုးအစားပေါင်း သန်းနဲ့ချီပြီးရှိပါတယ်။ ဒါကြောင့် သုတေသနစာတမ်းပြုစုလိုသူ ပညာရှင်တွေ ကျောင်းသားတွေ လာရောက်လေ့လာကြပြီး ဒီလွှတ်တော် စာကြည့်တိုက်ကို ခရီးသွားဧည့်သည်တွေနဲ့ စိတ်ပါဝင်စားသူတွေ နှစ်စဉ် သန်းချီ လာရောက် လေ့လာကြတာဖြစ်ပါတယ်။
XS
SM
MD
LG