သုံးရလွယ်ကူစေသည့် Link များ

မြန်မာကိုလုံခြုံရေး အထောက်အကူမပေးဖို့ အမေရိကန် လွှတ်တော်ကြိုးပမ်း


မြန်မာနိုင်ငံအနေနဲ့ အပြောင်းအလဲတွေ လုပ်လာပေမဲ့၊ အခုနောက်ပိုင်းမှာ နောက်ကြောင်း ပြန်လှည့်နေပြီလို့ အမေရိကန်လွှတ်တော်အမတ်တချို့က ပြောလာပါတယ်။

၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ မူကြမ်းကို မနေ့တုန်းက အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီမှာ ဆွေးနွေးခဲ့ရာမှာ လွှတ်တော်အမတ်တွေက အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခုလို ဝေဖန်ခဲ့ကြတာပါ။ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲကျင့်သုံးလာရာမှာ၊ တလျှောက်လုံး အမေရိကန်လွှတ်တော် ဖက်ကတော့ အစိုးရရဲ့ ခြေလှမ်းကို စောင့်ကြည့်ပြီး ဝေဖန်ခဲ့ကြတာပါ။ အထူးသဖြင့် အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ အခြေအနေတွေမှာ တိုးတက်မှုမရှိတဲ့အပြင် နောက်ကြောင်း ပြန်လှည့်တာတွေပါ တွေ့လာရပြီဆိုပြီး လွှတ်တော်အမတ်တွေဖက်က ပြောလာကြပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရကို သိပ်လိုက်လျောပေးလွန်းနေပြီလားလို့ မေးခွန်းထုတ် စောဒက တက်လာကြတာပါ။

အခု ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ မူကြမ်းကိုတော့ အောက်လွှတ်တော်ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဌ Chabot နဲ့ နယူးယောက်ပြည်နယ် အောက်လွှတ်တော်အမတ် Joe Crowley တို့က ဦးဆောင်တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ Mr. Chabot ဟာ ရီပတ်ဗလစ်ကန်ပါတီကဖြစ်ပြီး Mr. Crowley ဟာ ဒီမိုကရက်ပါတီကဖြစ်တော့ ဒီမူကြမ်းရေးဆွဲ အဆိုပြုမှုမှာ ပါတီနှစ်ရပ်စလုံးက ပါဝင်တယ်လို့ ပြောရမှာပါ။ ဆပ်ကော်မတီ ဥက္ကဌ Mr. Chabot ကတော့ အမေရိကန်အစိုးရဖက်က မြန်မာနဲ့ ဆက်ဆံရေးမှာ လိုက်လျောပေးလွန်းတာကြောင့် ဒါကို ကန့်သတ်ဖို့ ဒီဥပဒေကြမ်းကို တင်သွင်းတာလို့ ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ပိုပြီး လိုက်လျှောမှုတွေပေးဖို့ အမေရိကန်အစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာလည်း မြန်မာအစိုးရရဲ့ ပြီးပြတ်အောင် မလုပ်နိုင်သေးတဲ့ ဂတိက၀တ် ပြောဆိုချက်တွေကြောင့်ပါ။ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆက်ဆံမှု စတင်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ပါပါတယ်။ ၂၀၁၅ ခုနှစ် ဘဏ္ဍာရေး အသုံးစရိတ်ထဲမှာ နိုင်ငံရပ်ခြား စစ်ဖက်ပညာသင်တန်းဆိုပြီး ထည့်ထားပါတယ်။”

အမေရိကန်အစိုးရဖက်က အခုလို လိုက်လျောမှုတွေ ရှိပေမဲ့လို့လည်း မြန်မာဖက်ကတော့ ပြောင်းလဲလာတဲ့ လက္ခဏာရပ်တွေ မတွေ့ရဘူးလို့လည်း Mr. Chabot က ပြောပါတယ်။

“အိုဘားမားအစိုးရ အနေနဲ့ ဦးသိန်းစိန် အစိုးရကို အတော်လေး လိုက်လျောခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေအပြင် ကမ္ဘာ့အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင်မှုဖြစ်တဲ့ Cobra Gold မှာလည်း မြန်မာစစ်တပ်ကို လေ့လာခွင့် ပေးခဲ့ပါတယ်။ ဒီလို မြန်မာစစ်တပ်ကို ကူညီဖို့ လိုလားနေပေမဲ့လည်း၊ မြန်မာစစ်တပ် အနေနဲ့က ရိုဟင်ဂျာနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးကျူးလွန်နေပါတယ်။”

ဥပဒေကြမ်းထဲမှာတော့ မြန်မာအစိုးရ အနေနဲ့ စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုအောက်မှာထားဖို့၊ မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေအချာ ကိုင်တွယ်ဖြေရှင်းဖို့၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့ ဆိုတာတွေ ပါဝင်သလိုပဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ငြိမ်းချမ်းရေးတည်ဆောက်မှု ကိစ္စရပ်တွေကို ဆောင်ရွက်သွားဖို့ ဆိုတာတွေကို တိုက်တွန်းထားပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်မလာဘဲနဲ့တော့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးမလုပ်ဖို့ မြန်မာစစ်တပ်ကို အကူအညီတွေ မပေးဖို့ ဒီဥပဒေကြမ်းက ကန့်သတ်ထားတယ်လို့ ဒီဥပဒေကြမ်းကို ဦးဆောင်တင်သွင်းသူ Mr. Chabot က ပြောပါတယ်။

ဥပဒေကြမ်းထဲမှာ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးပိုင်း အထူးသဖြင့် စစ်တပ်နဲ့ဆက်ဆံရေးပိုင်းမှာ ဘယ်လို မဟာဗျူဟာတွေ ဆွဲထားတယ်၊ ဗျူဟာကျကျ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ လွှတ်တော်ကို အစီရင်ခံစာတင်ဖို့ ဆိုတာ ဖြစ်ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီမှာ အခု တင်သွင်းတဲ့ ဥပဒေကြမ်းကို ကော်မတီဝင်အားလုံးက တခဲနက် ထောက်ခံခဲ့ကြပါတယ်။

ကော်မတီဝင်တဦးဖြစ်တဲ့ အောက်လွှတ်တော်အမတ် Ms. Gabbard ကလည်း မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိလာတယ် ဆိုပေမဲ့ အဲဒီဖြစ်ထွန်း တိုးတက်မှုတွေဟာ မျှော်လင့်သလို ထပ်ဖြစ်မလာပဲ နောက်ဆုတ်ကုန်တယ်လို့ ပြောပါတယ်။

“ပြဿနာအတော်များများ ဆက်ရှိနေတုန်းပါ။ ဖြစ်ထွန်း တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားချက်တွေကလည်း အခုတော့ ရပ်ဆိုင်းနေပါတယ်။ အဓိက ပြောင်းလဲမှုတွေကလည်း နောက်ကြောင်း ပြန်လှည့်လာပါတယ်။ ဥပမာဆိုရင် အစိုးရအနေနဲ့ ဒီမိုကရေစီရေး တတ်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထားတာ ပြန်လွှတ်ပေးခဲ့တယ်ဆိုပေမဲ့၊ ဒီနှစ်ပိုင်းအတွင်း ဖမ်းဆီးခံရတဲ့ အရေအတွက်က ပိုပြီးတိုးလာပါတယ်။”

ဥပဒေကြမ်းကို ပူးတွဲတင်သွင်းခဲ့သူ နယူးယောက် အောက်လွှတ်တော်အမတ် Joe Crowley ဟာဆိုရင် မြန်မာ့ဒီမိုကရေစီရေးအတွက် ဟိုးအရင်တွေကတည်းက အတော်လေး တတ်တတ်ကြွကြွရှိခဲ့သူပါ။

“အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအစိုးရအပေါ် ဖိအားတွေကို နောက်ထပ် အလျှော့ပေးဖို့ စဉ်းစားလာတဲ့အပေါ်မှာ စိတ်မသက်မသာ ဖြစ်ရပါတယ်။” လက်ရှိ အဓိက ပြဿနာတွေကိုတောင် မဖြေရှင်းနိုင်သေးတာအပြင်၊ တချို့ကိစ္စတွေမှာဆို နောက်ပြန်လှည့်လာပါတယ်။ အတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတတာဝန် ထမ်းဆောင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ပါဝင်ပါတယ်။ ဖွဲ့စည်းပုံအရ အတိုက်အခံခေါင်းဆောင်ကို သမ္မတတာဝန် ယူနိုင်ဖို့ ပိတ်ပင်ကန့်သတ်ထားတဲ့ အခြေအနေ ရှိနေသမျှ၊ ဒီရွေးကောက်ပွဲတွေဟာ တရားမျှတမှုရှိမှာ မဟုတ်ပါဘူး။”

အခု ဒီဥပဒေမူကြမ်းကို ဆပ်ကော်မတီက လက်ခံအတည်ပြုခဲ့တာကြောင့် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ တခုလုံးကို ထပ်မံတင်သွင်းသွားရမှာဖြစ်ပြီး၊ အဲဒီကနေ အောက်လွှတ်တော် တခုလုံးရဲ့ အတည်ပြုချက် ယူသွားရဖို့ရှိပါတယ်။ ဥပဒေကြမ်းမှာ ဖော်ပြချက်အရ ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာအကြား စစ်ဖက်ဆက်ဆံရေးကို အထူးတင်းကြပ် ကန့်သတ်ထားတဲ့ သဘောလို့ ပြောရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG