ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက နေရာနှစ်ခုမှာ စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ကြုံနေရတာပါ။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဖားကန့်မြို့နယ်အတွင်း ဒီနေ့မနက် လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကVOA ကို အခုလို အတည်ပြုပြောပါတယ်။
“ကနဦးကြားရတာကတော့ ၁၀ နာရီကျော်အချိန်လောက်မှာ ဒီ လုံးခင်းပေါ့နော်။ လုံးခင်း မဒိန်ယန်ရွာတို့၊ နောက် ဆန်ခါမှော်တို့မှာ နှစ်နေရာ ဗုံးကြဲတယ်ဆိုတာ ကြားရပါတယ်။ ပြည်သူလူထုထိခိုက်တယ်ဆိုတာ ကြားပါတယ်။ ဒါပေမဲ့ ဘယ်နှစ်ဦး ဘယ်နှစ်ယောက်ဆိုတာကတော့ အခု အတည်ပြုဖို့ လိုပါတယ်။”
ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတချို့ရဲ့ Telegram လူမှုကွန်ယက်တွေမှာ ထိခိုက်သေဆုံးတဲ့ အရပ်သားတွေရဲ့ ပုံတွေကို တင်ထားပြီး သေဆုံးသူ အနည်းဆုံး ၁၀ ဦးလောက်ရှိတဲ့အကြောင်းဖေါ်ပြပါတယ်။ ထိခိုက်သေဆုံးတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက် ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဖားကန့်ဒေသခံတဦးကတော့ ဒီကနေ့မနက်ပိုင်း နှစ်နာရီကျော်မှာတခါ၊ ၁၀ နာရီကျော်မှာတခါ ၊ နှစ် ကြိမ်တိုက် ခိုက်ခဲ့တာလို့ ပြောပါတယ်။
“ဖားကန့် လုံးခင်အုပ်စု၊ ဆန်ခါနဲ့ မဇွပ်ယန်ရွာနှစ်ရွာကို စစ်ကောင်စီက ဒီမနက် ၁၀ နာရီ ၄၀ မှာ ဗုံး လာကြဲသွားတယ်။ ဗုံးသုံးလုံးချသွားလို့ ပြည်သူ အနည်းဆုံး ဆယ်ယောက်သေတယ်ပေါ့။ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်။ ပြီးရင် ဒီမနက် ၂ နာရီ ၃၅ မှာလည်း ဖားကန့်ဘက် ဗုံးလာကြဲသွားသေးတယ်။ ဒီနေ့ ဂျက်ဖိုက်တာနဲ့ နှစ်ခေါက်လာကြဲသွားတာပေါ့။”
ဒီလ ၈ ရက်နေ့ကလည်း ဖားကန့်ဒေသ KIA တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေမှာ လေကြောင်းတိုက် ဗုံးကြဲ တိုက်ခိုက်တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး တဦးထိခိုက်ခဲ့ပါတယ်။ ဒီလ ၁၁ ရက်နေ့ ကလည်း ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ စံလွန်ရွှေမှော်မှာ လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၅ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့နှစ် မေလမှာ KIA ပူးပေါင်းတပ် တွေက တိုက်ခိုက်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း ဗန်းမော်မြို့မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို မံစီမြို့သိမ်းပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
Forum