သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြို့အနီး လေကြောင်းတိုက်ခိုက်မှု လူ ၅၀ ထက်မနည်းသေ (KIA)


KIA တပ်မဟာ ၉၊ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည ဂီတဖျော်ဖြေပွဲကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခြင်းအထိမ်းအမှတ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/Photo Crd: Kachin News Group)

ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ရဲ့ တပ်မဟာ ၉ နယ်မြေ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သား ၅၀ ထက်မနည်း သေဆုံးတဲ့အကြောင်း KIO ကချင်လွတ်လပ်ရေးအဖွဲ့က ပြောပါတယ်။ ကနဦး ထွက်လာတဲ့သတင်းတွေအရ ထိခိုက်ဒဏ်ရာရသူလည်း ၇၀ လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ KIO ကချင်လွတ်လပ်ရေးအဖွဲ့ တည်ထောင်တဲ့ ၆၂ နှစ်ပြည့် အခမ်းအနား အကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့လည်း ပြောဆိုပါတယ်။ ဖားကန့် လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အရပ်သားတွေ အပါအဝင် ထိခိုက်၊ သေဆုံးရသူ ၆၀ လောက်ရှိပြီး ဒဏ်ရာရသူတွေနဲ့ဆိုရင် ၁၀၀ ကျော် နိုင်ကြောင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ဖားကန့်ဒေသ အနန့်ပါကျေးရွာ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ် လုံးခင်းအထက်ပိုင်း ဥရုချောင်းဖျားရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ ၉၊ တပ်ရင်း ၆ အခြေစိုက်ရာ အနန့်ပါကျေးရွာ အနီးမှာ တနင်္ဂနွေနေ့ည ၈ နာရီကျော်လောက်က တိုက်ခိုက်ခံရတာပါ။ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တည်ထောင်တဲ့ ၆၂ နှစ်ပြည့် အခမ်းအနား အကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့လည်း အခင်းဖြစ်ပွားတဲ့နေရာအနီး လုံးခင်း ဒေသခံတဦးက ပြောပါတယ်။

“အဲဒီမှာ KIO နေ့ကို သတ်မှတ်ဖို့အတွက် သူတို့က လုပ်ကြတာကိုး။ လုပ်ကြတော့ အဲဒီမှာ စင်တင်တေးဂီတတွေ လုပ်တယ်။ လာတဲ့လူထုတွေကို ဧည့်ခံတယ်။ မနေ့က ည ၈ နာရီခွဲ ဝန်းကျင်လောက်မှာ မန္တလေးက ဂျက် ဖိုက်တာ ၂ စီးလောက်ထင်တယ် လာတာ။ လာတော့ ဖားကန့် ဒီ ဝေခါကနေ စပြီး ဖြတ်လာတာ။ မိုင်းကတော့ ၄ လုံးလောက် ကြဲတယ်ထင်တယ်။ ကြဲတော့ လူတွေက အတုံးအရုံးပဲ သေကြတာ။ မြေပြင်သတင်းအရတော့ ရာထပ်လို့ ပြောနေတာပေါ့နော်။ လူက ၁,၀၀၀ ဝန်းကျင်လောက် ရောက်နေတာကို။”

ထိခိုက်သေဆုံးသူ ၆၀ လောက်အထိ ရှိနိုင်ပြီး ဒဏ်ရာရသူတွေနဲ့ ဆိုရင် ၁၀၀ လောက်အထိ ရှိနိုင်တယ်လို့ ဒေသခံ‌တွေ ခန့်မှန်းပြောဆိုပေမဲ့ KIA ဘက်ကတော့ ဒီကိန်းဂဏန်းကို အတည်ပြုပြောဆိုခြင်း မရှိသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ အခြားဒေသခံတစ်ဦးကလည်း ထိခိုက်သေဆုံး တဲ့ စာရင်း ရသလောက် စစ်တမ်းကောက်ခံနေတယ်လို့ ပြောပါတယ်။

“ကျနော်လည်း ရသလောက် စာရင်းယူနေတယ်။ ရာပိုင်းတော့ ရထားတယ်။ စာရင်းကတော့။ သေဆုံးတာရယ်၊ ထိခိုက်ဒဏ်ရာရတာရယ် ၁၀၀ ကျော်မယ်ထင်တယ်။ ၆၀ လောက်တော့ ရှိမယ် ထင်တယ် သေဆုံးတာတောင်မှ။ အရပ်သားတွေ ပိုများမယ်။ ခုက လူစုလူဝေးဖြစ်နေတဲ့အချိန် ပစ်တာကိုး။ Stage Show လုပ်နေတဲ့အချိန်ပစ်တာ။ အဲဒီမှာ စင်မှာ တီးနေတဲ့သူ၊ ဆိုနေတဲ့သူ၊ ကြည့်နေတဲ့သူ ရှေ့က ခုံတန်း ၃ ခုံလောက် အကုန်လုံး ပါသွားတယ်လို့ ပြောတာပဲ။ လူကြီးတွေလည်း များတယ်။”

ဖားကန့်ဘက်က ဘာသာရေးအသင်းအဖွဲ့တွေနဲ့ နာရေးကူညီမှုအဖွဲ့တွေဟာ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ဖို့ သွားရောက်ခဲ့ပေမဲ့ မြန်မာ စစ်တပ်ဘက်က လမ်းတွေပိတ်ထားတဲ့အတွက် ညနေပိုင်းအထိ ဝင်ခွင့်မရသေးကြောင်းလည်း VOA ကို ပြောပါတယ်။

“အခု ဘာမှ လုပ်လို့ မရဘူး။ လမ်းကြောင်း ပိတ်ထားတယ်။ တပ်က ပိတ်ထားတယ်။ ကံဆီးရောက်နေပြီ ကူညီရေးအဖွဲ့။ ဝင်မရသေးဘူး အဲဒီအခြေအနေပဲ ရှိသေးတယ် လောလောဆယ်။ နာရေး ကူညီမှုအသင်းအဖွဲ့တွေလည်း ဝင်လို့ မရသေးဘူး။”

လေကြောင်းတိုက်ခိုက်မှုကြောင့် ဖျော်ဖြေနေတဲ့ အနုပညာရှင် တေးသံရှင် အော်ရာလီ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ကချင်အနုပညာရှင်အသင်း အဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့အကြောင်း ကချင် သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အထဲမှာ ကေအိုင်အေ အရာရှိ တချို့ ပါဝင်တယ်ဆိုပြီး လူမှုကွန်ယက်မှာ သတင်းတွေ ထွက်နေပေမဲ့ ကေအိုင်ဘက်က အတည်မပြုသလို သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ထိခိုက်၊ သေဆုံးမှုစာရင်း ပြုစုနေဆဲ ဖြစ်တဲ့အကြောင်းနဲ့ အတိအကျ ပြောဆိုဖို့ မဖြစ်နိုင်သေးကြောင်း ပြောပါတယ်။ အရပ်သားတွေကို ထိခိုက်အောင် တိုက်ခိုက်တဲ့အပေါ်မှာတော့ ဝမ်းနည်း စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ နှစ်တိုင်းလုပ်နေတဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ရန်သူဘက်ကလည်း ကျနော်တို့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး နေ နေတဲ့ဟာ သူတို့ သိပြီးသားဖြစ်ပါတယ်။ သိလျက်သားနဲ့ အခုလို မျိုးလုပ်တာကတော့ ယုတ်မာတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ နောက် စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ပြောလို့ ရပါတယ်။ ပြည်သူလူထုအတော်များများ အခုလိုမျိုး သေဆုံးသွားတာတွေ၊ ထိခိုက်သွားတာတွေကိုတော့ ကျနော်တို့ KIO အနေနဲ့လည်း ဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး။”

မြန်မာစစ်တပ်ဘက်က တိုက်လေယာဉ် ၃ စင်း နဲ့ တိုက်ခိုက်တာဆိုပြီး မျက်မြင်သက်သေတွေက ပြောဆိုနေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဖားကန့်ဒေသ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကတော့ အရပ်သားတွေ ထိခိုက် သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် အလံတဝက် လွှင့်ထားတဲ့အကြောင်း မြစ်ကြီးနား သတင်းမှာ ရေးပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ၁၉၆၀ အောက်တိုဘာလ ၂၅ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး KIA အဖွဲ့ကိုတော့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG