ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIA အကြား ဒီကနေ့ မနက် အစောပိုင်းက တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းဟာ နေ့တပိုင်းကျော် လောက် ကားအသွားအလာတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ညနေ ၂နာရီလောက်မှာ အစိုးရဖက် က ရဟတ်ယာဉ်သုံးပြီး လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့သလို ၃နာရီလောက်မှာတော့ ကားလမ်းပြန်ပွင့် သွားခဲ့ပါတယ်။ ဒီသတင်းကို ဗီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က တနိုင်းမြို့နယ်အတွင်းမှာ ပြောက်ကျားစစ်ဆင်ရေးနဲ့ မိုင်းစစ်ရေး တွေ ဒီလ ၁၀ရက်နေ့မှာ စတင်မှာကြောင့် ပယင်းမှော်၊ ရွှေမှော်က လူတွေ အမြန်ဆုံးထွက်ခွာဖို့ သတိပေးပြီး နောက်တရက်မှာပဲ ဖားကန့်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို ဖားကန့်ဒေသခံ တယောက်က အခုလို ပြောပါတယ်။
“ဖားကန့်မြို့နယ် ဧရိယာမှာပေါ့၊ ကျနော်တို့ တံတားညီနောင်မှာ ပေါ့။ ဒီမနက် ၅နာရီ ၂၅က စတိုက်ပွဲဖြစ်တာ။ ခုလောလောဆည်တော့ ဖြစ်နေကြတုံးပဲ။ ခုနတုံးက လေယာဉ် ၂စီးတော့ လာတယ် ခု ပြန်သွားပြီ။ ခု အဲမှာက ကားပိတ်မိနေတာက ၂၀၀ အထက်လောက်ရှိတယ်ပြောတယ်။ တချို့က ပြန်ခေါက် ပြန်ကြတာလည်း ရှိတယ်။ ခုက ပိုဆိုးပေါ့။ ခုက သင်္ကြန် ဆိုတော့ အောက်ပြည်အောက်ရွာပြန်တဲ့သူက ပိုများတဲ့အခါကျတော့ လမ်းတော့ပိတ်နေတဲ့ အနေအထား ရှိတယ်။ ”
သူပြောတာက နေ့ခင်း ၂နာရီက သိရတဲ့ အခြေအနေဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှာ နေထိုင်တဲ့ အခြား ဒေသခံတဦးကလည်း အခုလို ပြောပါတယ်။
“တိုက်ပွဲက မနက်အစောကြီးပိုင်း ၅နာရီ၊ အေး တစ်နာရီလောက် ကြာတယ်။ လေယာဉ်ပျံနဲ့လည်း ဗုံးလာ ကြဲ တယ် လာပစ်တယ်။ ဟယ်လီကော်ပတာ ၂စီး အဲဒါ ၊ အမေရိကန်ကလုပ်တယ်ပြောကြတာပဲ။ သေနတ်နဲ့ လည်း ပစ်တယ်၊ ဗုံးလည်းလာချတယ်။ အခုက ကားတွေလည်း သွားနေပြီ။ အများကြီးသွားနေပြီ။”
မနက်အစောပိုင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာ နန့်တိန်းစခန်းကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ် နေတာ ရှိခဲ့ကြောင်းနဲ့ ကားလမ်းဟာ ညနေ ၃နာရီလောက်မှာ ပွင့်သွားခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ အစိုးရတပ်မတော်ဖက်က ထိခိုက်တာတွေ ရှိကြောင်း ပြောပေမဲ့ KIA ဖက်က အခြေအနေကို မသိရကြောင်း ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူကို မေးမြန်းရာမှာ -
“တိုက်ပွဲဖြစ်တာကတော့ ဒါက အတည်ပြုလို့ ရပြီ။ စစ်ဖက်ဆိုင်ရာသတင်းတွေ မတက်တဲ့အခါကျတော့ ကျနော်တို့ ဘာမှမရဘူး။ အရပ်ဖက်က သတင်းတွေ ပြောတာက တနာရီခွဲလောက် ကြာတယ်လို့ ပြောတယ်။ တိုက်ပွဲက ပြီးဆုံးသွားတယ်လို့ ပြောတာ။ အဲဒီနောက်မှပဲ လေယာဉ်ပျံတွေ ပြန်လာကြ၊ လာပြီးမှ ပြန်တိုက်တယ်လို့ ပြောတာပဲ။”
လောလောဆည်မှာတော့ ကချင်ပြည်နယ် တနိုင်း၊ မန်စီနဲ့ ဆွမ်ပရာဘွမ် မြို့နယ်ဖက်တွေမှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေပြီး အချိန်မရွေး ထိတွေ့မှုတွေ ရှိနိုင်ကြောင်းလည်း ပြောပါတယ်။
ဒီတိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို တပ်မတော်ဖက်က သီးခြား အတည်ပြုချက်တော့ မရပါဘူး။ တိုက်ပွဲနဲ့ ပတ်သက်တဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုလည်း မသိရသေးပါဘူး။