သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်စိမ်းတွင်းမြေပြိုမှု ၁၉ လောင်းအထိ တွေ့ရှိထား


၂၀၁၅ နိုဝင်ဘာတုန်းက ဖားကန့်ကျောက်စိမ်းတွင်းမြေပြိုမှု ဖြစ်စဉ် (ဓါတ်ပုံ- ဇော်မိုးထက်/EPA)
၂၀၁၅ နိုဝင်ဘာတုန်းက ဖားကန့်ကျောက်စိမ်းတွင်းမြေပြိုမှု ဖြစ်စဉ် (ဓါတ်ပုံ- ဇော်မိုးထက်/EPA)

တနင်္ဂနွေမနက်အစောပိုင်း ဖားကန့်ဒေသက စိန်လုံကျောက်စိမ်းတွင်းကမ်းပါးရံကြီး ပြိုကျမှုအတွင်း ဒီကနေ့ညနေပိုင်းအထိ ရဲတပ်ဖွဲ့ဝင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ နဲ့ ကျောက်ရှာသူတွေပါ အပါအဝင် လူသေအလောင်း ၁၉လောင်း ရှာဖွေတွေ့ရှိတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးသွားတယ်လို့ တရားဝင်စာရင်းထုတ်ပြန်သူတွေစာရင်းပါ ပါဝင်မယ်ဆိုရင်တော့ သေဆုံး ပျောက်ဆုံးသူ ဒီ့ထက်ပို အရေအတွက်များနိုင်တယ်လို့လည်း မှန်းဆနေကြပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။

ကျောက်တူးခွင့် သုံးလ တရားဝင် ပိတ်ပင်ထားချိန် အခုလို လူသေဆုံးတဲ့အထိ မြေပြိုကျမှုဖြစ်ခဲ့တဲ့အပေါ် ကချင်ပြည်နယ်အစိုးရနဲ့ အာဏာပိုင်တွေ ဘက်က ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်သင့်သလို သေဆုံးခဲ့ရသူတွေ အတွက် တရားမျှတမှု ရစေချင်ပါတယ်လို့လည်း ကချင်လူမှုအဖွဲ့တွေက တောင်းဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

ဇွန်လ ၂၈ရက်နေ့ တနင်္ဂနွေ မနက် အစောပိုင်း ၂ နာရီခွဲ ဝန်းကျင်လောက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်စံကျေးရွာ ၊ ကရင်ချောင်ကျေးရွာ ၊ချောင်းဖျားကျေးရွာ အနီးနားမှာရှိတဲ့ အမြင့်ပေ တထောင်ခန့်ရှိတဲ့ စိန်လုံတောင် ကျောက်စိမ်းကမ်းပါးယံကြီး ဒေသအခေါ် စိန်လုံ တောင်ကြောကြီး ရုတ်တရက် ပြိုကျခဲ့တာဖြစ်ပါတယ်။ ဒီပြိုကျမှုအတွင်း ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီဝန်ထမ်းတွေ ၁၅ဦး နဲ့ ကျောက်စိမ်း လုပ်ကွက်ကို စောင့်ကြပ်ဖို့လုံခြုံရေး တာဝန်ယူနေတဲ့ ရဲဝန်ထမ်း ၃ဦး ပျောက်ဆုံးခဲ့ပါတယ်။

မနေ့ တနင်္ဂနွေကနေ စလို့ မြေပြိုကျတဲ့နေရာကို လူအင်အားစက်အင်အားတွေနဲ့ ပိုက်စိပ်တိုက် ရှာဖွေကယ်ဆယ်ခဲ့တာမှာတော့ ဒီကနေ့ တနင်္ဂနွေ ညနေပိုင်းအထိကတော့ လူသေအလောင်း (၁၉)လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးပျောက်ဆုံးမှုဟာ ဒီ့ထက်ပိုများပြားနိုင်ခြေ ရှိတယ်လို့ ဖားကန့်ဒေသခံ သတင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“မနေ့က ၁၄ လောင်း ဒီကနေ့ ၅ လောင်း ထပ်တွေ့တယ်။ မနေ့က နေ့ခင်းပိုင်းအထိကတော့ ၁၃ လောင်းပေါ့။ အဲဒီ ၁၃ လောင်းထဲမှာ ရဲအလောင်း တလောင်းတွေ့တယ်။ ညနေပိုင်းမှာ တလောင်းထပ်တွေ့တယ်။ မနေ့က ၁၄ လောင်းပေါ့ အားလုံး သူတို့တွေ ရှာဖွေရေးတွေ သိမ်းတဲ့အချိန်အထိ ။ ဒီနေ့ ၅ လောင်းထပ်တွေ့တယ်။ ဒီ ၅ လောင်းထဲမှာ ရဲအလောင်း ၁ လောင်းပါတယ်လို့ ပြောတယ်။ ကုမ္ပဏီက သူတို့ ဝန်ထမ်း ၁၅ ယောက်ပျောက်ဆုံးတယ်လို့ ပြောတယ်။ ဒီနေ့ အဲဒီ သေဆုံးသူအားလုံး ၁၉ ဦးထဲမှာမှ ကုမ္ပဏီ ဝန်ထမ်းအလောင်း ၁၂ လောင်းတွေ့တယ်။ ရဲဝန်ထမ်းအလောင်း ၂ လောင်းတွေ့တယ်ဆိုတော့ ၁၄ လောင်းပေါ့ ကျန်တဲ့ ၅ ယောက်ကတော့ ကျောက်ရှာတဲ့သူတွေ ဖြစ်ဖို့များသွားပြီပေါ့နော် ကုမ္ပဏီဝန်ထမ်းလည်းမဟုတ်၊ ရဲဝန်ထမ်းလည်း မဟုတ်တဲ့ လူတွေဆိုတော့ အပြင်ကနေမှ ကျောက်ရှာကျောက်တူးတဲ့လူတွေ ဖြစ်ဖို့များသွားပြီပေါ့နော်။ ထပ်ပြီးတော့ ရှာနေတယ် နောက်ပြီးတော့ ရှာရတဲ့အနေအထားကလည်း နည်းနည်းခက်ခဲတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရေနဲ့ နွံနဲ့ ရောသွားတာဆိုတော့ ဒီရှာတဲ့လူတွေ လည်း ဗွက်နဲ့ နွံ နဲ့ပေါ့နော်။ ရှာဖွေရေးလုပ်ငန်းတွေကတော့ မနားသေးဘူး။”

အခုလိုသေဆုံးပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေဘက်က ဒီ့ထက်ပိုပြီး ထိရောက်တဲ့ အရေးယူစောင့်ကြည့်မှုတွေနဲ့အတူ သေဆုံးနစ်နာသူတွေအတွက် တရားမျှတမှု ရစေချင်ပါတယ်လို့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ မြစ်ကြီးနားဥက္ကဋ္ဌ ဦးဇော်ဂျတ်က တောင်းဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ အခုမှပဲမဟုတ်ဘူး အရင်အစိုးရ အဆက်ဆက်ကပေါ့နော် စည်းစနစ်တကျ မလုပ်ခဲ့လို့ အဲဒါတွေရဲ့ ဆိုးကျိုး ကျနော်တို့ အခု ပြည်သူလူထုတွေ ခံစားနေရတာပေါ့။ တကယ့်တကယ် လက်လုပ်လက်စား ဒေသခံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တနိုင်တပိုင် သူတို့ ဝမ်းစာအတွက် လုပ်တဲ့အချိန်မှာ ဆိုးဆိုးဝါးဝါးနဲ့ မသေသင့်ပဲ သေသွားတယ်။ မဆုံးသင့်ပဲနဲ့ ဆုံးသွားတာတွေ ရှိတယ် အဲဒါကြောင့် ဒါကို အစိုးရအနေနဲ့ ထိထိရောက်ရောက် တာဝန်ခံမှု တာဝန်ယူမှု သူတို့လုပ်သင့်တယ်။ အခုလက်ရှိ အာဏာရတဲ့ သူတို့အစိုးရ လက်ထက်မှာ မြန်မြန်လေး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ကျနော်မြင်ပါတယ်။”

အခုအချိန်အထိ ပျောက်ဆုံးနေဆဲသူတွေအပါအဝင် လူသေဆုံးမှု အရေအတွက် အတိအကျ ကို သိရှိရနိုင်ဖို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဘက်က လူအင်အား စက်အင်အားသုံးရှာဖွေနေကြဆဲဖြစ်ပါတယ်။ လတ်တလော စိန်တောင်ကမ်းပါးပြိုကျခဲ့မှု အပါအဝင် နွံ့အိုင်နစ်မြုပ်မှု ကျောက်စိမ်းတွင်းပြိုကျမှုတွေအတွင်း တရားမဝင် တဦးချင်း၊ အုပ်စုလိုက် ကျောက်စိမ်းတူးဖော်မှုတွေလည်း ရှိနေလို့ ဖားကန့်မှာ ရေမဆေးကျောက် ရှာဖွေသူတွေပါဝင်တဲ့ လူသေဆုံးမှုတွေဟာ စာရင်းအတိအကျရနိုင်ဖို့ ခက်ခဲတယ်လို့လည်း ဖားကန့်ဒေသခံ သတင်းသမားကိုဇော်မိုးထက်က သုံးသပ်ပါတယ်။

“ ဖားကန့်မှာက ဘယ်လိုဖြစ်နေသလဲဆိုတော့ ကိုယ့်အိမ်က ရေမဆေးတွေ ပါသွားတာကို တချို့ကလည်း မပြောကြဘူး။ တချို့ကလည်း ပြောတယ်ပေါ့နော်။ လူတိုင်းကိုတော့ မဆိုလိုဘူး ဒါပေမယ့် အဲလိုမျိုးတွေ တချို့ကလည်း အမှုပြန်ပတ်မှာစိုးလို့ တချို့ကလည်း လျော်ရမှာဆိုးလို့ ဆိုတာမျိုးလည်း ရှိတယ် ခင်ဗျ။ နောက်တချက်ကတော့ ဒီလိုကျင်းတူးတယ်ဆိုတာ ကိုယ့်စရိတ်ကိုယ်စားပြီး တူးတဲ့လူလည်းရှိတယ် ၊ တယောက်နှစ်ယောက် တူးတဲ့လူလည်းရှိတယ်။ သုံးယောက်ဖွဲ့ပြီး တူးတာလည်းရှိတယ်။ အဲလိုမျိုးဆိုတော့ ဘာဖြစ်လဲဆိုတော့ ရပ်ကွက်မှာက ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ အဲဒီက လူတွေက သူတို့ ရပ်ကွက်ထဲမှာ ဒီအိမ်က လူတွေ ပါတယ် ၊ မပါဘူးဆိုတာ လူစာရင်းတွေ ပြန်ပြီးတော့ စစ်ကြည့်မှ ဘယ်ရွာက ဘယ်နှစ်ယောက် ပါသွားနိုင်တယ်ဆိုတာမျိုးကို သိရမှာလေ။ သက်ဆိုင်ရာ ဌာနကလည်း သူတို့ဆီက လူပျောက်လို့ လာပြီးတော့ သတင်းပို့တာတွေ အဲဒီစာရင်းတွေလောက်နဲ့ပဲ သူတို့က ကြေညာရတာကို။ တကယ်တမ်းကတော့ ဧည့်စာရင်းမရှိ ကျနော်တို့ ပုံမှန်ရတဲ့ စာရင်းတွေထက် အများကြီး များနိုင်တယ်။ ခုနပြောတဲ့ လူမသိ သူမသိတွေက အများကြီးဗျာ ။ ဘယ်ဖြစ်စဉ်တိုင်းဖြစ်ဖြစ် လူစာရင်းအတိအကျရဖို့ အရမ်းခက်ခဲတယ်။”

အခုလို ကျောက်စိမ်းလုပ်ကွက် ကမ်းပါးရံပြိုကျချိန်ဟာ မိုးတွင်းကာလ ဇူလိုင်လ ၁ရက်နေ့က စက်တင်ဘာလ ၃၀ရက်နေ့အထိ သုံးလ ကျောက်တူးဖော်ခွင့် တရားဝင်ပိတ်ပင်ထားချိန ်လည်းဖြစ် ပါတယ်။ မိုးရာသီကာလ နွံကန်တွေ မြေကမ်းပါးရံတွေ ကျောက်စိမ်း တူးဖော်လုပ်ကွက်တွေမှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး မြန်မာ့ကျောက်မျက်နဲ့ ဒေသခံအာဏာပိုင်တွေကနေ ညွှန်ကြားထားခဲ့အချိန်လည်း ဖြစ်ပါတယ် ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG