သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေစာပုံပြိုကျမှု အနည်ဆုံး ၁၂ ဦးသေ


ဖားကန့်မြေစာပုံပြိုကျ
ဖားကန့်မြေစာပုံပြိုကျ

ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စုမှာ မြေပြိုကျတာကြောင့် တပိုင်တနိုင် ကျောက်စိမ်းတူးဖော်သူ အနည်းဆုံး လူ၁၂ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိထားပြီ ပျောက်ဆုံးနေသူ ၅၀ကျော်လောက်ရှိကြောင်း ဒေသခံ တယောက်က ပြောပါတယ်။ ဒီတကြိမ်ပြိုကျတာဟာ ဖားကန့်ဒေသမှာ ဒီလအတွင်း ဒုတိယအကြိမ်ပြိုကျတာဖြစ်ပြီး ဒီလပထမပတ်ကပြိုကျမှုမှာတော့တော့ လူ ၁၄ ယောက်လောက် သေဆုံးခဲ့ပါတယ်။ ဖားကန့်ဒေသမြေပြိုမှု သတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီတကြိမ် မြေပြိုကျခဲ့တာကတော့ ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝေခါကျေးရွာ အနီးရှိ ရတနာကြယ်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီလုပ်ကွက်မှာ တနင်္လာနေ့ညပိုင်းက ဖြစ်ပွားခဲ့တာပါ။

မြေပြိုကျတာနဲ့ လူသေဆုံးတဲ့အခြေအနေကို အခင်းဖြစ်ပွားရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဖားကန့်မြို့က ဦးဟန်မြင့်ကအခုလို ပြောပါတယ်။

“လူအသေအပျောက်ကတော့ ၁၂ လောင်းရတယ်။ ဒဏ်ရာရက ၁၁ ယောက် လူပျောက်စာရင်းကတော့ ၅၀ ဝန်းကျင်လောက်တော့ လူပျောက်စာရင်းရတယ်။ စာရင်းတော့ မချုပ်ရသေးဘူး။ မနေ့ည ၈ နာရီခွဲမှာ စဖြစ်တယ်။ ပျိုကျတာကတော့ မိုးရွာလို့ ပြိုကျတာပေါ့နော် ။ မိုးဒဏ် ကြောင့်ပြိုကျတာလေ။ တောင်က ဟိုဘက်လုံးရော ဒီဘက်လုံးရော ကျင်းလုပ်ထားတဲ့နေရာတွေကနေ ပြိုကျတာ။”

ကျန်ရှိနေတဲ့ ရုပ်အလောင်းတွေကို တူးဖော်ဖို့တော့ အခက်အခဲရှိနိုင်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“အောက်က ရေအိုင်ကြီး အကြီးကြီးရှိတဲ့ သဘောမျိုးလေ အဲဒီအထဲကို မြေစာတွေကျတော့ အဝေးရောက်သွားတဲ့အလောင်းပဲရတာ။ ပြိုကျလို့ ပိတဲ့ဟာတွေ အဲဒီအလောင်းတွေက ဖော်ဖို့မဖြစ်နိုင်ဘူး။ ပြိုကျတာတွေလည်းအများကြီး။ နောက်ကျရင် ထပ်ပြိုမယ့်အလားအလာတွေအများကြီးရှိတယ်။ ကျနော်အခုမှ ကြည့်ပြီးပြန်ခဲ့တာ။”

ဖားကန့်ဒေသက ဒေသခံပြည်သူတွေရဲ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ကိုနောင်းလတ် ကတော့ မိုးရာသီကာလမှာ မြေစာပုံပြိုကျတာတွေ ထပ်မံဖြစ်ပွားနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

“မြေပြိုတာကတော့ မိုးတွင်းရောက်လာရင်အမြဲတမ်းပြိုတော့မှာ။ မြေပြိုလူသေမှုတွေ ခဏ ခဏ ဖြစ်တော့မှာ အဲဒီ ဝေခါမှာကျတော့ ကုမ္ပဏီရဲ့မြေစာပုံက အမြင့်ပေ ၁၀၀၀ ကျော် ၊ ၈၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်။ အဲဒီလိုရှိတဲ့အခါကျတော့ ခဏ ခဏ ပြိုတာပေါ့။ လူအသေအပျောက်ပိုများတယ်။ ဆောင်ရွက်သင့်တာကတော့ ကုမ္ပဏီအနေနဲ့ကတော့ ကျနော်တို့ သတ္တုတွင်းဌာနက ထုတ်ပြန်ထားတဲ့ အနေအထားတွေကို လိုက်နာရင်တော့ ကျနော်တို့အသေအပျောက်တော့ နည်းမယ်ထင်တာပဲ။ ၅၀ ထက် မမြင့်သောပေဆိုတာ ပြောထားတဲ့အတွက်ကြောင့်မို့လို့လေ။ ဒါပေမယ့်လည်း လောလောဆယ်ကတော့ဗျာ ၅၀တောင်မကပါဘူး မြင့်တာကတော့။”

ဖားကန့်ရဲစခန်းကို ဆက်သွယ်ရာမှာတော့ ဆေးရုံကို ရောက်ရှိလာတဲ့ ရုပ်အလောင်းတွေကို သွားရောက် စစ်ဆေးတဲ့ အရာရှိ ပြန်မရောက်သေးကြောင်း တာဝန်ကျဝန်ထမ်းတဦးက ပြောဆိုပါတယ်။

ဒီလ ၅ရက်နေ့ကလည်း ဆိုင်းတောင်ရွာအနီး ကျောက်စိမ်းလုပ်ကွက်မှာ ကမ်းပါးပြိုကျခဲ့တာကြောင့် လူ ၁၄ယောက်သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှဖြစ်ပွားတဲ့ မြေစာပုံပြိုကျမှုဟာ သေဆုံးသူရုပ်အလောင်း ၁၁၄ လောင်းတွေ တူးဖော်ရရှိခဲ့ပြီး ပျောက်ဆုံးသူ ၁၀၀ကျော်လောက်ရှိနိုင်ကြောင်း ဒေသခံတွေက ခန့်မှန်းပါတယ်။

ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ အလွန်အကျွံတူးဖော်တာတွေကြောင့် ဒီနှစ်ပိုင်းတွေအတွင်း စွန့်ပစ်မြေစာပုံပြိုကျတာ၊ မြို့ရွာအတွင်းဖြတ်သန်းသွားတဲ့ စွန့်ပစ်မြေစာတင်ကားတွေနဲ့ မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး ထိခိုက်သေဆုံးတာတွေ မကြာခနဖြစ်ပွားခဲ့သလိုစွန့်ပစ်မြေစာတွေကြောင့် ဥရုချောင်းတိမ်ကောလာပြီး နှစ်စဉ်မိုးရာသီမှာ ရေလွှမ်းတာတွေနှစ်စဉ်လိုဖြစ်ပွားခဲ့ပါတယ်။

ဒီလို လူတွေသေဆုံးရတာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာကြောင့် ဒေသခံတွေက ဆန္ဒပြတာတွေ ရှိပေမဲ့ အခုချိန်ထိတော့ အရေးယူဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

ဖားကန့်မြေစာပုံပြိုကျမှု အနည်ဆုံး ၁၂ ဦးသေ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG