သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင် သီးခြားရပ်တည်ဖို့ ကင်တားနား တိုက်တွန်း


မြန်မာနိုင်ငံမှာ မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် သတင်းထောက်များနဲ့ မစ္စတာ ကင်တားနား တွေ့ဆုံနေစဉ် (ဖေဖော်ဝါရီလ ၅၊ ၂၀၁၂)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ လွတ်လပ်စွာ လူ့အခွင့်အရေး ကိစ္စတွေကို ဆောင်ရွက်လျက်ရှိပေမဲ့ နိုင်ငံတစ်ခုရဲ့ အတိုင်းအတာအရ လုပ်ကိုင်ရတဲ့ နေရာမှာ ကွာခြားမှုတွေတော့ ရှိတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးဘူးဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ်အိုဟေး ကင်တားနားရဲ့ ထောက်ပြချက်အပေါ် အခုလို တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ၆ ရက်ကြာ လာလေ့လာခဲ့တဲ့ မစ္စတာ ကင်တားနား က သူ ပြန်တဲ့ရက် ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ပတ်သက်လို့ ဝေဖန် ထောက်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကော်မရှင်ကို ပထမဆုံးအကြိမ် ဖွဲ့စည်းနိုင်တာ ဖြစ်ပေမဲ့ သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်ခြင်း မရှိသေးဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကတော့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေကို မြန်မာနိုင်ငံရဲ့ အတိုင်းအတာအရ လွတ်လပ်စွာ ဆောင်ရွက်လျက် ရှိပြီးတော့ နိုင်ငံတကာရဲ့ စံချိန်စံနှုန်းတွေနဲ့တော့ တိုင်းတာလို့ မရသေးဘူးလို့ မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။

“လွတ်လပ်စွာ ဆောင်ရွက်တယ် ဆိုတဲ့နေရာမှာတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဟာဆိုရင် အတိုင်းအတာ သဘောအားဖြင့် ကွာခြားမှုလေးတွေ ရှိနိုင်တယ်လို့ ကျနော် ပြောလိုပါတယ်။ အနေအထားတစ်ခု ပြောင်းလဲလာတယ်လို့ ဆိုတဲ့နေရာမှာ အလွန်အကျွံ မဖြစ်အောင်၊ နောက်တခါ တဘက်မှာလည်း လုပ်အားနည်းတဲ့ အတွက်ကြောင့်မိုလို့ ရလဒ်မရှိခြင်း မဖြစ်အောင် ဒီနှစ်ခုကြားထဲမှာ မျှပြီးတော့ လွတ်လပ်မှုကို ကျနော်တို့ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။”

မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ အကျဉ်းထောင်တွေထဲကို သွားတဲ့ကိစ္စမှာ နိုင်ငံတော် သမ္မတအထိ ခွင့်ပြုချက်တောင်းပြီးမှ သွားရတာမျိုး ရှိတယ်ဆိုတာကိုလည်း ထောက်ပြခဲ့ပါတယ်။

“အမှန်မှာတော့ အသိပေးတဲ့သဘောပဲ ဖြစ်ပါတယ်။ သမ္မတကြီးက ဖွဲ့စည်းပေးလိုက်တဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် အသိပေးလိုက်တယ်။ ဒါပေမဲ့ တားမြစ်ခြင်း လုံးဝ မရှိဘဲနဲ့ ထောင်ထဲကို သွားတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တယ်။ အဲဒီတော့ ထောင်တစ်ခုကို သွားတယ် ဆိုတဲ့နေရာမှာတော့ ဒီအတိုင်း ကောက်ခါငင်ခါ သွားလို့ ဘယ်မှာမှမရပါဘူး။ ဥပမာ တချို့နိုင်ငံတွေ ရှိတယ်။ ဖိလစ်ပိုင်လို နိုင်ငံမျိုးမှာဆိုရင် ကျနော်တို့ သွားလေ့လာတဲ့အခါမှာ သူတို့က သဘောတူညီမှု လုပ်ထားပြီးသား ရှိတယ်။ သူတို့ရဲ့ လူ့အခွင့်အရေး ကော်မရှင်က ထောင်ကို အချိန်မရွေး ၀င်ရောက်ပြီးတော့ သွားရောက် စစ်ဆေးနိုင်တယ်။ ဒါကတော့ သဘောတူညီမှုကို ချမှတ်ထားရတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီမှာကတော့ သွားမယ်ဆိုရင် သမ္မတကြီးကို အသိပေးတယ်။ ဒါမှသာလျှင် သူက ထောင်အာဏာပိုင်တွေကို လူ့အခွင့်အရေး ကော်မရှင်ကလာမယ်။ ဖွင့်ပေးလိုက်ပါ။ ပြလိုက်ပါလို့ ပြောမှာပေါ့။ ဒီအတိုင်းကြီးတော့ ဥဒဟို ၀င်ထွက် သွားလာလို့ရတဲ့ အနေအထား မရှိဘူး။ အဲဒီတော့ ဒီနေရာမှာတော့ အမြင်ချင်း နည်းနည်းကွာတယ်လို့ ထင်ပါတယ်။ လွတ်လပ်မှု ဆိုတဲ့ဟာကို သုံးသပ်တဲ့အခါမှာ အတိုင်းအတာကိုတော့ မတူညီကြတဲ့ စနစ်တွေမှာ လွတ်လပ်မှု၊ ကွာခြားမှု လေးတွေကိုတော့ ကြည့်ပြီးတော့ ပြောဖို့လိုတယ်လို့ ကျနော် မြင်ပါတယ်။”

ဒါပေမဲ့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အသုံးစရိတ်ဟာ အစိုးရ ဘတ်ဂျက်ထဲကနေ သွားနေတာမို့ အစိုးရပိုင်းတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတာကို လွတ်လွတ်လပ်လပ် စုံစမ်းနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကိုတော့ -

“အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဘတ်ဂျက်က ကျနော်တို့ အိမ်နီးနားချင်း နိုင်ငံတွေ၊ တခြားနိုင်ငံတွေကို ကြည့်လို့ရှိရင်လည်း အစိုးရကပဲ ပေးရတယ်။ အစိုးရက မပေးလို့တော့ ဘယ်မှာမှ ကျနော်တို့ အလုပ်လုပ်ဖို့ ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရက ပေးတဲ့အတွက်ကြောင့်မိုလို့ မလွတ်လပ်ဘူးလို့တော့ ပြောလို့မရဘူး။ operation ပေါ့။ ဒါကို ကိုင်တွယ် ဆောင်ရွက်တဲ့အခါမှာတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ဆောင်ရွက်လို့ရတယ်။ သုံးတဲ့အခါမှာတော့ အစိုးရရဲ့ ဘဏ္ဍာငွေ သုံးတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီပဲ ကျနော်တို့ ဆောင်ရွက်ရတယ်။ ဒါကြောင့်မိုလို့ ထိန်းကွပ်တယ်လို့တော့ ကျနော်တို့ ပြောလို့မရဘူး။ ဘယ်မှမဆို စည်းစနစ်နဲ့တော့ ကျနော်တို့ သုံးရတာပေါ့နော်။ ဒါကို စီမံတဲ့အခါမှာ သော်လည်းကောင်း၊ သုံးတဲ့အခါမှာ သော်လည်းကောင်း ကိုယ့်ဟာနဲ့ကိုယ် လွတ်လွတ်လပ်လပ် သုံးပိုင်ခွင့် ကျနော်တို့ ရှိတယ်။”

မစ္စတာ ကင်တားနားနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ဟာ ပြီးခဲ့တဲ့သောကြာနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်က လူ့အခွင့်အရေး ကော်မရှင်မှာ ၂ နာရီ နီးပါးကြာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

“ပြောတာကတော့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် ကျနေတဲ့ အကျဉ်းသားတွေ ရှိလို့ရှိရင်လည်း ဒါတွေကို လွှတ်ပေးဖို့ကိစ္စကိုပေါ့။ ဒါကို သူ ပြောပါတယ်။ သူ အင်းစိန်ထောင်ကို သွားတဲ့အခါမှာလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသား ၃ ယောက်နဲ့ သူ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တယ် ဆိုတဲ့အကြောင်း ပြောတယ်။ ကျနော်တို့ အင်းစိန်ထောင်ကို သွားတုန်းကလည်း ကျနော်တို့ မေးမြန်း စုံစမ်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူမေးလို့ ကျနော်တို့က အသေးစိတ် ပြောပြပါတယ်။ သူ ဘာမှ ပြန်ပြောခြင်း မရှိပါဘူး။ ကချင်ပြည်နယ်ကို ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့က သွားခဲ့တဲ့ကိစ္စလေး ဆွေးနွေးတယ်။ အဲဒီမှာ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ထိခိုက် ဒဏ်ရာရမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတာ ကောင်းပါတယ်။ ဘာမှ သူတောင် မပြောဘူး။”

ဒါကတော့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကို ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်လို့ အခုလို ထောက်ပြချက်တွေအပြင် မြန်မာနိုင်ငံထဲက ပြုပြင် ပြောင်းလဲမှုတချို့ကို သူကြိုဆိုပေမဲ့ တဘက်မှာလည်း လူ့အခွင့်အရေး တိုးတက်မှုတွေနဲ့ အတူ တရားဥပဒေ စီရင်ရေးဆိုင်ရာ ကိစ္စတွေမှာ စိန်ခေါ်မှု ရှိနေသေးတယ် ဆိုတာအပြင် ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာလည်း လွတ်လပ်ပြီး တရားမျှတဖို့ လိုတယ်လို့ သူရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG