သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HRW လူ့အခွင့်အရေးအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာ


HRW လူ့အခွင့်အရေးအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာ
HRW လူ့အခွင့်အရေးအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာ

၂၀၁၇ခုနှစ်အတွင်း လူမျိုးရေး ခွဲခြားမှုတွေပါနေတဲ့ သူ့တို့အခေါ် အာဏာရှင်ဆန်ဆန် အများကြိုက်ဝါဒကို ကမ္ဘာတဝှမ်းက နိုင်ငံရေး ခေါင်းဆောင်အတော်များများ ကျင့်သုံးခဲ့ကြသလို တရားစီရင်ရေး အပါအဝင် သတင်းမီဒီယာတွေကို လည်း အဲဒီခေါင်းဆောင်တွေက တိုက်ခိုက်ခဲ့ကြကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ ၂၀၁၈ခုနှစ် အစီရင်ခံစာက မီးမှောင်ထိုးပြခဲ့ပါတယ်။

မနေ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်က လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်ထားတဲ့ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Henry Ridgwell ပေးပို့ထားတဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

သူတို့ရဲ့ ၂၀၁၈ခုနှစ် အစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump တက်လာပြီးတဲ့အချိန်ကစပြီး လူ့အခွင့်အရေးကို တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ HRW လန်ဒန်ရုံးခွဲက David Mepham က ပြောပါတယ်။

"တရားရေးစနစ်ကို တိုက်ခိုက်တာ၊ သတင်းမီဒီယာတွေအပေါ် တိုက်ခိုက်တာ၊ မွတ်စလင်တွေကိုဆန့်ကျင်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေစတာတွေဖြစ်ပါတယ်။"

ဒီသီတင်းပတ်အတွင်း သမ္မတ Trump ဟာ အမေရိကန် သတင်းမီဒီယာတွေက သူကို ဆန့်ကျင်တဲ့အနေနဲ့ တဖက်သက်တင်ပြမှုတွေရှိနေတယ်ဆိုပြီး ဒါကို မီးမှောင်ထိုးပြချင်တဲ့ သဘောနဲ့ သတင်းအတုတွေအတွက် ဆုပေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် အဲဒီအခမ်းအနားမှာလည်း သူဟာ လူမျိုးရေးခွဲခြားစိတ် အနည်းပါးဆုံးဖြစ်ကြောင်း အခုလိုပြောသွားပါတယ်။

"ကျနော်က လူမျိုးရေးခွဲခြားတဲ့သူမဟုတ်ပါဘူး။ ခင်ဗျားတို့ အင်တာဗျူးတွေ လုပ်ခဲ့ကြတဲ့အထဲမှာ ကျနော်သာ လူမျိုးရေးခွဲခြားတဲ့စိတ် အနည်းပါးဆုံးဖြစ်တယ်ဆိုတာ ကျနော်ပြောနိုင်ပါတယ်။"

လူအများကြိုက်ဝါဒဟာ Trump ရဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ကနေ စလို့ ဥရောပသမဂ္ဂကနေ နှုတ်ထွက်ဖို့ ဗြိတိန်နိုင်ငံမှာ ဆန္ဒမဲ အများစုရရှိခဲ့တဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ Emmanuel Macron အောင်ပွဲရရှိချိန်မှာ အဆုံးသတ်ခဲ့ကြောင်း HRW ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ လူအများကြိုက်ဝါဒကို ဆန့်ကျင်တိုက်ခိုက်ကြဖို့ HRW က တိုက်တွန်းကြောင်း David Mepham ကပြောပါတယ်။

"ဒီအခြေအနေက တကယ်တမ်း ဒီမိုကရေစီနည်းကျကျ ယူရမယ့် သင်ခန်းစာကတော့ လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေကို ယုံကြည်တဲ့ နိုင်ငံရေး ပါတီတွေ အနေနဲ့ အဲဒါနဲပ ပတ်သက်ပြီး ပို ပြီး ပြတ်ပြတ်သားသားပြောသင့်တယ်။ စံနှုန်းတန်ဖိုးတွေအပေါ်မှာ ရပ်တည်သင့်တယ်ဆိုတာပါပဲ။"

ဒါအပြင် HRW အစီရင်ခံစာမှာ အာဏာရှင်ဆန်ဆန် လူအများကြိုက်ဝါဒကျင့်သုံးခဲ့တဲ့ ဟန်ဂေရီ နဲ့ ပိုလန်နိုင်ငံတွေကို ဖိအားပေးခဲ့တဲ့ ဥရောပသမဂ္ဂကို အသိအမှတ်ပြု ထားပေမယ့် တူရကီနိုင်ငံမှာ သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို ဖြိုခွဲခဲ့တဲ့အပေါ် ဥရောပသမဂ္ဂက တုန့်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်ထားပါတယ်။

HRW ရဲ့ ဒီနှစ်အစီရင်ခံစာမှာတော့ မြန်မာကို အတော်လေး ဝေဖန်ထားပါတယ်။ အစိုးရရဲ့ အကြမ်းဖက် နှိပ်ကွက်မှုကြောင့် ရိုဟင်ဂျာမွတ်စလင် ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတာပါ။ ဒီအပေါ်မှာ David Mepham ပြောတာကတော့-

"အစီရင်ခံစာထဲမှာ ကျနော်တို့ တောင်းဆိုထားတဲ့အချက်တွေထဲက တချက်ကတော့ မြန်မာအာဏာပိုင်တွေအပေါ် ဖိအား တစုတစည်းတည်းပေးကြဖို့ပါ။ မြန်မာစစ်တပ် ခေါင်းဆောင်းပိုင်းကို ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့အတွက် ကမ္ဘာတဝှမ်းက အစိုးရတွေဆီကနေ ရှင်းလင်းပြတ်သားတဲ့ တောင်းဆိုချက် ဘာကြောင့်ထွက်မလာရသလဲ။"

အလားတူ အာဏာရှင်ဆန်ဆန် အစိုးရတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ HRW က ဖေါ်ပြထားတဲ့ နိုင်ငံတွေထဲမှာ ရုရှား၊ အီဂျစ်နဲ့ နိုင်ဂျီးယား နိုင်ငံတွေလည်းပါဝင်ပါတယ်။ ရုရှားနိုင်ငံမှာ အခြေခံလွတ်လပ်ခွင့်တွေကို ပြင်းပြင်းထန်ထန်ကန့်သတ်ချုပ်ချယ်မှုဟာ စစ်အေးပြီးဆုံးတဲ့အချိန်ကစပြီး အခုချိန်မှာ အဆိုးရွာဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အီဂျစ်သမ္မတ Abdel Fatah el-Sisi ဆိုရင်လည်း လူထုအခြေပြုအဖွဲ့အစည်းတွေကို နှိမ်နင်းတဲ့ကိစ္စမှာရော နောက် ဖမ်းဆီးတာတွေနဲ့ သေဒဏ်စီရင်ချက်ချမှု အများအပြား လုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရကြောင်း အဲဒီအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ နိုင်ဂျီရီးယားနိုင်ငံမှာတော့ သမ္မတ Muhammadu Buhari က အခြေခံအခွင့်အရေးတွေ ရရှိဖို့ တိုးမြှင့်ဆောင်ရွက်ပါမယ်လို့ ကတိပေးထားပေမယ့် အခုချိန်ထိ လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း မရှိသေးဘူးလို့ HRW က ထောက်ပြထားပါတယ်။

ကျား၊မ တန်းတူရေးအတွက် လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ၂၀၁၇ ဇန်နဝါရီလမှာလုပ်ခဲ့တဲ့ အမျိုးသမီးထု ချီတက်ပွဲကနေ ကမ္ဘာတဝှမ်းလုံး ပါဝင်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်ကို ကိုးကားပြီး တိုးတက်မှုတွေရှိခဲ့ကြောင်း ၂၀၁၈ခုနှစ် HRW အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG