သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်မှု HRW ဝေဖန်


မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက် ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက်မှုတွေ ရှိနေတယ်လို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ မြန်မာ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်ကျင်းပဖို့ ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင်က စိတ်အားထက်သန်မှု မရှိတဲ့ အပေါ် သိပ်ကို စိုးရိမ်စိတ်ပူပန်တယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သလို တချို့ပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်နေပေမယ့် ကော်မရှင်က အရေးယူမှု မရှိတာတွေဟာ စိုးရိမ်စရာကောင်းကြောင်း လူ့အခွင့်ရေးအဖွဲ့ကြီးက ပြောပါတယ်။

ကြာသပတေးနေ့က ရွေးကောက်ပွဲကော်မရှင်က ကျေညာချက် တစောင်ထုတ်ပြန်ပြီး ရွေးကောက်ပွဲဟာ အတိုက်အခံအဖွဲ့ကြီးဖြစ်တဲ့ NLD ကြောင့် အားနဲမှုတွေ ရှိနိုင်တယ်လို့ ဝေဖန်ခဲ့တာ တွေ့ရသလို ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဌ ဦးတင်အေးကိုယ်တိုင်က လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့အမတ်တဦး ဖြစ်ခဲ့သလို စစ်ဗိုလ်ချုပ်ဟောင်း တဦးလည်း ဖြစ်နေတာမို့ အခုလို ဘက်လိုက်မှုမျိုး ရှိနေတာဟာ အံ့သြစရာ မဟုတ်ဖူးလို့ HRW ကပြောပါတယ်။ ဒီလို ဘက်လိုက်မှုတွေ ရှိနေတာအတွက် တခြားပါတီတွေက စိုးရိမ်မှုတွေ ရှိနေတာ တွေ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အရင်လွှတ်တော်အမတ်အပါအဝင် မူစလင် လူနဲစုတချို့ရဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခွင့်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့အပါအဝင် လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေတွေ့နေရတာမို့ ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံတကာ စံနှုုန်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။ မဲစာရင်း မှန်ကန်မှုအတွက်လည်း ကော်မရှင်က ရာခိုင်နှုန်း ၃၀ ပဲ အာမခံခဲ့တဲ့အပြင် တိုင်ကြားမှုတွေနဲ့ ပါတ်သက်ပြီး ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ အစီအစဉ် ကောင်းကောင်း မရှိသလို တိုင်ကြားမှုတွေကို သေသေချာချာ အရေးမယူတာဟာ ဒီရွေးကောက်ပွဲအတွက် စိတ်အားထက်သန်နေကြတဲ့ မြန်မာလူထုအတွက် သံသယတွေ ကြီးထွားလာစေတယ်လို့ လည်း ဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG