သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ဆူပူမှုတွေကို အစိုးရကိုင်တွယ်ဖြေရှင်းမှု HRW ဝေဖန်


ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ မီးရှို့ခံထားရတဲ့ အဆောက်အဦးများကို ရဲတပ်ဖွဲ့ဝင်များ လှည့်လည်စစ်ဆေးနေစဉ်။ (ဂျွန်လ ၁၂ ရက်၊ ၂၀၁၂။)
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ မီးရှို့ခံထားရတဲ့ အဆောက်အဦးများကို ရဲတပ်ဖွဲ့ဝင်များ လှည့်လည်စစ်ဆေးနေစဉ်။ (ဂျွန်လ ၁၂ ရက်၊ ၂၀၁၂။)
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကို အစိုးရအနေနဲ့ အချိန်မီ တားဆီးခွင့် ရှိပါလျက်နဲ့ တားဆီး ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ Human Rights Watch ခေါ် လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် အခုချိန်ဟာ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် အခုလို အဓိကရုဏ်းတွေကို အစိုးရအနေနဲ့ သတိထား ကိုင်တွယ်ဖြေရှင်း တာ ဖြစ်နိုင်တယ်လို့ စစ်တွေမြို့ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင် က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီအခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းကဖြစ်ခဲ့တဲ့ ဆူပူသောင်းကျန်းမှုတွေနဲ့ဆိုင်တဲ့ အစီရင်ခံစာ - “The Government Could Have Stopped This: Sectarian Violence and Ensuing Abuses in Burma’s Arakan State” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ တခု ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တာပါ။

မောင်တောမြို့မှာ အဓိကရုဏ်းတွေ ဆိုးဆိုးရွားရွား ဖြစ်မလာခင်မှာ အဲဒီလို ဖြစ်လာနိုင်ခြေရှိ တဲ့ ရှေ့ပြေး လက္ခဏာတွေ ထွက်ပေါ်ခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ကြိုတင် ပြင်ဆင်မှု ပြု လုပ်ခြင်း မရှိခဲ့သလို အခြေအနေတွေ ဆိုးရွားလာတဲ့အချိန်ထိ အစပိုင်းမှာ ဒီပြဿနာကို ပြေ လည်အောင် ကိုက်တွယ် ဖြေရှင်းမှု မရှိခဲ့ဘူးဆိုပြီး HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်တာဝန်ခံ Phil Robertson က ပြောပါတယ်။

သူပြောသွားတာကတော့ - “ရခိုင်လူမျိုးတွေဘက်ကရော၊ ရိုဟင်ဂျာတွေဘက်ကပါ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ကို အကြိမ်ကြိမ် ပြောပြခဲ့ကြတာကတော့ အစောပိုင်းမှာ အစိုးရအနေနဲ့ ၂ ဘက်စလုံးကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင်ခဲ့ဘူးဆိုတာပါပဲ-တဲ့။ တကယ်တော့ အစိုးရ အနေနဲ့ ဒီကိစ္စကို အချိန်မီ ဟန့်တားခွင့် ရှိခဲ့ပါတယ်လို့ သူတို့ အင်တာဗျူးခွင့် ရခဲ့သူ ရခိုင်နဲ့ ရိုဟင်ဂျာ ၂ ဘက်စလုံးက ပြောပါတယ်”- လို့ Phil Robertson က ပြောသွားတာပါ။

RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီက စစ်တွေမြို့ ကိုယ်စားပြု အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်ကတော့ အခုချိန်ဟာ ဒီမိုကရေစီ အသွင်ပြောင်းကာလမို့ အစိုးရအနေနဲ့ သတိထား ကိုင်တွယ်နေတဲ့အပေါ် အထင်အမြင်လွဲမှား ယူဆတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့ မှန်းတာကတော့ဖြင့် ပြည်ပအင်အားစု တခုခုကများ ကြိုတင် ဖန်တီးသလားဆိုတာကို မှန်းတယ်။ အတွင်းအပြင် ချိတ်ဆက်ပြီး ဖောက်ခွဲတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နဲ့ တိုးတာကိုး။ အဲဒါလေး တခုမှန်းတယ်၊ နောက် ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက်ဟာ ရခိုင်နဲ့ ဘင်္ဂါလီကို ထိန်းညှိဖို့ ကြိုးစားခဲ့တာ အဲဒါကိုလည်း ကျနော်တို့က သံသယ ဝင်ခဲ့တယ်။ ဒါပေမဲ့လို့ အခု အစိုးရက ဒီမိုကရေစီဘက်ကို အစိုးရ ပြောင်းကာစလေးမှာ ဒါမျိုး ဖြစ်ဖို့အတွက် အစိုးရက ကြိုးစားမှာ မဟုတ်ဘူး။ အဲဒီ ကြားထဲမှာ ခုနလိုလေ- စဉ်းစဉ်းစားစားနဲ့ ကိုင်တွယ်ကြ တာတွေကိုလည်း တွေ့ပါတယ်။ မှားမှာလည်း ကြောက်တယ်၊ လွန်ကျူးသွားမှာလည်း ကြောက်တယ်၊ ခုနလို ဒီမိုကရေစီရဲ့ ဖွင့်ပေးထားတဲ့ သဘောလည်း ဖြစ်တယ်ဆိုတော့ ထိန်းသိမ်းတဲ့အပိုင်းကလည်း ခုနလို ကျနော်တို့မြင်တာက ဆင်ဆင်ခြင်ခြင်လေး ထိန်းသိမ်းတယ်ဗျ။

လုပ်သင့် မလုပ်သင့် သေချာ ချိန်ဆပြီးကာမှ သူတို့ ဆင်ခြင်တယ်။ အဲဒီမှာ နည်းနည်းလေးတော့ တဘက်ကကြည့်ရင်လည်း အချိန်ကာလတခုကို ထားပေးတယ်လို့လည်း တချို့ကတော့ ယူဆမယ်။ ”
အခုလို ဖြစ်ဖို့အတွက် အခြေခံအကြောင်းတွေ အများကြီး ရှိတဲ့အတွက် ရုတ်တရက် အပေါ်ယံကို ကြည့်ပြီး တဘက်သတ် ပြောဆိုတာမျိုး မလုပ်သင့်ဘူးလို့ လည်း ဒေါက်တာ အေးမောင်က ပြောပါ တယ်။

ရခိုင်ပြည်နယ်အတွင်းက လက်ရှိ ပကတိ အခြေအနေမှန်တွေကို သိနိုင်ဖို့အတွက် အစိုးရအနေနဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးလို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့် ပြုသင့်တာ၊ ရိုဟင်ဂျာတွေကိုလည်း လွှတ်လပ်စွာ သွားလာခွင့် ပြုသင့်တာနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား စိစစ်ရေးဥပဒေကို အမြန်ဆုံး ပြင်ဆင် ရေးဆွဲသင့်တယ်လို့ HRW ကတော့ ပြော ပါတယ်။

မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို ထောက်ပြ ပြောဆိုသွားတဲ့နည်းတူ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ သူတို့ထင်တဲ့ အချက်တချို့ကိုလည်း Phil Robertson က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံက ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် လာလျှောက်ကြ တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်မောင်းထုတ် တာမျိုး မလုပ်ပဲ ချက်ချင်း တံခါးဖွင့် လက်ခံထား သင့်ပါတယ်တဲ့။ နောက် သူတို့ကို ယာယီ နေထိုင်ခွင့်ပေးထားတာမျိုး၊ အထူးသဖြင့်တော့ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ခွင့်ပေးတာမျိုး လုပ်သင့်ပါတယ်- ” လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ လက်ထောက်တာဝန်ခံ Phil Robertson ပြောသွားတာပါ။

HRW က ထောက်ပြခဲ့သလိုမျိုး UNHCR အဖွဲ့က ကိုယ်စားလှယ် ရောက်မလာပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို သီတင်း တပတ်ကြာ ကိုယ်တိုင် လေ့လာ ဆန်းစစ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana တနင်္လာနေ့က စပြီးတော့ မြန်မာနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားဟာ သူရောက်ပြီး နောက် တနေ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို သွားရောက် လေ့လာ ခဲ့တာပါ။

မစ္စတာ ကင်တားနား မြန်မာနိုင်ငံကိုရောက်တဲ့နေ့မှာ မြန်မာအစိုးရက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်း အတွင်း လူပေါင်း ၇၇ ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့မှာ တရားဝင် စာရင်း ထုတ်ပြန်ခဲ့သလို ပြည်ထဲရေးဝန်ကြီး ဦးခင်ရီကလည်း ရိုဟင်ဂျာဆိုတာဟာ မြန်မာလူမျိုးမဟုတ်ဘူး၊ နောက်ပိုင်း ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲ သီးသန့်လုပ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲကို တက်ရောက် လာကြတဲ့ သတင်းထောက်တွေနဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်ခင်ဗျား။
XS
SM
MD
LG