သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လွတ်ငြိမ်းသက်သာခွင့် နိုင်ငံရေးအကျဉ်းသား နည်းပါးမှု HRW ဝေဖန်


NLD အစိုးရလက်ထက် မြန်မာနှစ်ဆန်း (၁)ရက်နေ့က သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အထဲ နိုင်ငံရေး အကျဉ်းသား အနည်းအကျဉ်းပဲ ပါတဲ့အတွက် အံသြစိတ်ပျက်မိကြောင်း နယူးယောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က နိုင်ငံတဝှမ်း အကျဉ်းထောင် အသီးသီးကနေ အကျဉ်းသားပေါင်း ၉၀၀၀ ကျော် သမ္မတ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာတဲ့ အထဲ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းတောင် မရှိဘူးလို့ မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဧပြီလ (၁၇)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက် သာခွင့် အမိန့်မှာ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၉၅၃၅ ဦး လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း ဖေါ်ပြထားပါတယ်။ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ဦး လွတ်မြောက်လာမလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ မြန်မာနိုင်ငံအခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ ရထားတဲ့ လက်ရှိစာရင်းအရ နှစ်ယောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

NLD အစိုးရလက်ထက် လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ အရင်ဦးသိန်းစိန် အရပ်သား တပိုင်း အစိုးရ လက်ထက်နဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါးတဲ့ အတွက် အံသြတုန်လှုပ်မိကြောင်း HRW အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

" အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးတဲ့ ကိစ္စဟာ NLD အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ သမ္မတ ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော NLD ခေါင်းဆောင်တွေပါ။ အခုလို NLD အစိုးရက နိုင်ငံရေးအကျဉ်းသား အနည်းအကျဉ်းလောက်ကိုပဲ လွှတ်ပေးတဲ့ အတွက် ကျနော်တို့ တကယ်ပဲ အံသြရပါတယ်။ မြန်မာနှစ်သစ်ကူး ကြိုဆိုတဲ့အနေနဲ့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ထုံးစံအရ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ အရင် စစ်အစိုးရ လက်ထက်နဲ့ နှိုင်းယှဉ်ရင် အရမ်းနည်းပါတယ်။"

ဒါအပြင် NLD အစိုးရလက်အောက် တနှစ်ထက်တနှစ် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ဆိုတာမျိုးမရှိဘဲ ထောင်ထဲထည့်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် ပိုပြီးများလာတဲ့ အခြေအနေတွေ့နေရကြောင်း Brad Adams ကပြောပါတယ်။

" ဒီအခြေအနေဟာ တကယ့်ကို တုန်လှုပ် အံသြဖို့ကောင်းသလို၊ NLD အတွက်လည်း ရှက်စရာ ကောင်းပါတယ်။ NLD ခေါင်းဆောင် အများစုဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲဆိုတာ ဘာလဲဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။ သမ္မတ ကိုယ်တိုင်ရော၊ အခြားသူတွေရော နိုင်ငံရေး လှုပ်ရှားမှုကြောင့် အကျဉ်းထောင်တွေထဲမှာ နေခဲ့ရတာပါ။ ဘယ်တော့မှ ပြန်မရတော့တဲ့ အချိန်ကာလတွေကို ထောင်ထဲမှာ ဖြတ်သန်းခဲ့ကြရတာပါ။ အခုတော့ မြန်မာနိုင်ငံမှာ အခြားလူ အများအနေနဲ့လည်း ဒီလိုအဖြစ်အပျက်မျိုး ရင်ဆိုင်နေရပါတယ်။ ဒီလို ပြဿနာကို ဖန်တီးတဲ့ အခြေအနေမှာ NLD ဟာ တစိတ်တပိုင်းအနေနဲ့ ပါဝင်နေပါတယ်။"

NLD အစိုးရ တက်လာချိန်မှာ နိုင်ငံရေးအကျဉ်းသား ဆိုတာမျိုး ဒါမှမဟုတ် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတဲ့ နည်းလမ်း အဖြေရှာနိုင်လိမ့်မယ်လို့ HRW မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမှာ စစ်တပ်က မလိုလားတဲ့အပိုင်းကို NLD အစိုးရဘက်က ကျော်လွှား ဆောင်ရွက်နိုင်စွမ်း မရှိဘူးလို့ မြင်မိကြောင်း Brad Adams ကပြောပါတယ်။

" သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာမျိုးကို ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသား အများအပြားရှိနေတဲ့ နိုင်ငံဆိုတာနဲ့ လက်ရှိအစိုးရက ကျင့်သားရနေတာ ထင်ရှားပါတယ်။ ဒီအချက်ဟာ အလွန် စိတ်ဓါတ်ကျဖို့ကောင်းပါတယ်။ "

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ချက်ခြင်း လွှတ်ပေးဖို့ မြန်မာအစိုးရကို ဖိအားပေး တောင်းဆိုထားတဲ့ ထောင်ဒဏ် (၇)နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦး ကိစ္စဆိုရင် အများက မျှော်လင့်သလို သမ္မ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခြင်း မရှိသေးတဲ့အပေါ် Brad Adams က အခုလို သုံးသပ်ပါတယ်။

" ကျနော်တို့ နားလည်ထားတာကတော့ သမ္မတအနေနဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးဖို့ လိုလားပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တားမြစ်ထားတယ်လို့ ဆိုပါတယ်။ တကယ်လို့များ ဒီအချက်က မှန်ကန်တယ်ဆိုရင် သူရထားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဆုံးရှုံးရတဲ့ အကြောင်းပြချက် ဖြစ်လာနိုင်ဖို့ရှိသလို၊ လွတ်မြောက်ရေးနဲ့ လူ့အခွင့်အရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို မြန်မာလူထုအနေနဲ့ပြန်လည် သုံးသပ်ဖို့ဖြစ်လာမှာပါ။ တကယ်လို့ ဒီအချက်က မှန်ကန်မှု မရှိဘူးဆိုရင် သူတို့နှစ်ဦးကို ချက်ခြင်းပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို သတင်းထုတ်ဖေါ်ရေးသားခဲ့တဲ့အတွက်ဆိုပြီး သူတို့နှစ်ဦးကို ထောင်ထဲထည့်စရာ အကြောင်းမရှိပါဘူး။ "

ဒါပေမဲ့လည်း သမ္မတဦးဝင်းမြင့်ရဲ့ ကြေညာချက် မှာ နောက်ထပ်လည်း အကျဉ်းသားတွေထဲက လွှတ်သင့်၊ လွှတ်ထိုက်သူတွေကို စနစ်တကျစိစစ်နေပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆက်ပြီးပေးဖို့ ရှိနေကြောင်း ဖေါ်ပြထားတဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဖို့ ယူဆကြောင်း ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

" အဲဒီတော့ တရားရုံးချိန်း ကိစ္စရပ်တွေ မပြီးပြတ်ခင် စိစစ်ဖို့ အတွက် လိုအပ်နေသေးတဲ့ ကိစ္စရပ်တွေ ရှိနိုင်တယ်။ ဒါကျနော်တို့ ပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ ပြစ်မှုသေး ပြစ်မှုကြီး စသည်တို့လို ပြဌာန်းထားတာတွေ ရှိတဲ့ အတွက် နိုင်ငံတော် အစိုးရ အနေနဲ့ ဒါတွေကို အများကြီး ထည့်သွင်းစဉ်းစား ရတာ ဖြစ်တယ်။ အဲဒါကြောင့် စိတ်ရှည်ရှည်နဲ့ တော့ စောင့်ကြည့်ဖို့ လိုတာပေါ့နော်။ လွတ်သင့်တဲ့ လူတွေကိုတော့ လွှတ်ပေးမယ်လို့ ကျနော်တို့ကတော့ ယုံကြည်ပါတယ်။ "

AAPPB မတ်လကုန် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူနဲ့ ထောင်ပြင်ပကနေ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၃၆၄ ဦးရှိနေပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၄၅ ဦးက အကျဉ်းကျခံထားရပြီးဖြစ်ပါတယ်။ နောက် တက်ကြွလှုပ်ရှားသူ ၉၄ ဦးကတော့ အကျဉ်းထောင်တွေထဲကနေ တရားရင်ဆိုင်နေရပြီး ကျန် ၂၂၅ ဦးကတော့ ထောင်ပြင်ပကနေ တရားရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG