[Zawgyi/Unicode]
တရုတ်နိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပံ့ပိုးနေတယ်လို့ဆိုပြီး Huawei နည်းပညာကုမ္ပဏီနဲ့ တခြားတရုတ်ကုမ္ပဏီတွေက ဝန်ထမ်းတွေကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
"ကမ္ဘာတဝန်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အစိုးရတွေအတွက် ရုပ်ဝတ္ထုပစ္စည်းတွေ ပံ့ပိုးနေတဲ့ Huawei နဲ့ Huawei လို နည်းပညာကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ပြည်ဝင်ခွင့် ပိတ်ပင်သွားမယ်။" လို့ ဝန်ကြီး Pompeo ကပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ 5G မြန်နှုန်းမြင့် အင်တာနက်ကွန်ယက်ကနေ Huawei နည်းပညာနဲ့ ပစ္စည်းကိရိယာတွေကို ၂၀၂၇ ခုနှစ်မတိုင်ခင် အပြီးဖယ်ရှားဖို့ ဗြိတိန်နိုင်ငံက ကြေညာခဲ့ပြီး တရက်အကြာမှာပဲ အမေရိကန်က ခုလို ပြည်ဝင်ခွင့် ပိတ်ပင်မယ့်အကြောင်း ကြေညာတာပါ။
Huawei 5G ကွန်ယက်ကိရိယာတွေကနေတဆင့် အကဲဆတ်တဲ့ အချက်အလက်တွေ တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီကို ပေါက်ကြားနိုင်တယ်ဆိုပြီး Huawei နည်းပညာတွေ မသုံးဖို့ အမေရိကန်က သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို စည်းရုံးတိုက်တွန်းနေတာဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ တရုတ်ကုမ္ပဏီတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ တုန့်ပြန်ထားပါတယ်။
[Unicode Version]