သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ဆက်နွယ်သူအဖြစ် ဖမ်းဆီးခံရသူအများအပြားရှိနေဆဲ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလမှာ သူတို့အဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၁၇-၁ (မတရားအသင်းနဲ့ဆက်သွယ်မှု) ဥပဒေအရ ဖမ်းဆီးထားသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း ကချင်ပြည်နယ်က လူ့အခွင့်အရေး ရှေ့နေ တဦးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူ ကတော့ မတရားအသင်းနဲ့ ဆက်သွယ်မှုကြောင့် ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးနဲ့ ညှဉ်းပန်းနှိပ်စက် တာတွေ ရပ်တန့်ရေး ဆွေးနွေးဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအတွက် လွှတ်တော်နဲ့ အစိုးရမှာပါ တာဝန်ရှိကြောင်း ပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဆက်သွယ်မှု (သို့မဟုတ်) ဆက်သွယ်တယ်လို့ စွပ်စွဲခံရမှုတွေကြောင့် ဖမ်းဆီးခံနေရသူဟာ အနည်းဆုံး ၅၀ ကျော်လောက် ရှိနေတာဖြစ်ပါတယ်။

ဒီလိုဖမ်းခံထားရသူတွေထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျမိုင်ကောင် ဒုက္ခသည် စခန်းကနေ ဖမ်းဆီးခံထားရတဲ့ ဦးလထော်ဘရန်ရှောင်လည်း အပါအဝင်ဖြစ်ပါတယ်။ သူ့ကို ၂၀၁၂ ခုနှစ် ဇူလိုင်လက ဖောက်ခွဲမှုနဲ့ မသင်္ကာပြီး ဖမ်းဆီးခဲ့ရာက အခုအခါမှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၁နဲ့ တရားစွဲဆိုခံနေရပါတယ်။

ဒီလ ၅ ရက်နေ့ကတော့ သူ့အမှုနဲ့ပတ်သက်ပြီး အဓိက သက်သေတဦးကို ခေါ်ယူဖို့ လျှောက် ထားရာမှာ မြစ်ကြီးနားမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီလို ပယ်ချ လိုက်တဲ့နောက် မှာတော့ ဦးလထော်ဘရန်ရှောင်ရဲ့ ရှေ့နေ ဦးမာခါးက KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်မှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၁ နဲ့ တရားစွဲ ခံထားရသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း အခုလို ပြောဆိုပါတယ်။

“အခု ဒီလို ဖမ်းဆီးတဲ့အပေါ်မှာ မတရားအသင်း ဆက်သွယ်တဲ့ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတဲ့သူတွေ တော်တော်များနေတာပေါ့နော်။ အဲ့ဒီထဲက အများစုကတော့ သာမန်ပြည် သူတွေပဲ အများကြီး ပါဝင်နေတာ တွေ့ရပါတယ်။ တချို့ကတော့ KIA နဲ့ အမှန်တကယ် ဆက်သွယ်တဲ့သူလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့နော် ကျနော်တို့ ဒီဟာကို ငြိမ်းချမ်းရေး ဆွေးနွေးမှုကိစ္စတွေ အများကြီး လုပ်ဆောင်နေတဲ့အပေါ်မှာ လူ့အခွင့်အရေး အတွက်အရရော၊ ငြိမ်းချမ်းရေးရှုထောင့်ကရော သုံးသပ်ပြီးမှ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့သူတွေကို နိုင်ငံတော်သမ္မတ အနေနဲ့ နိုင်ငံရေး အကျဉ်းသားသတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။”

ဦးမာခါးက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဒီပုဒ်မနဲ့ ဖမ်းဆီးထားသူ ၁၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပြီး ဒီလို ဖမ်းဆီးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တာ တွေလည်း ရှိနေတယ်လို့ ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဒီလို ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ဆိုရင် လွှတ်တော်နဲ့ အစိုးရ မှာလည်း တာဝန်ရှိတယ် လို့ ပြောပါတယ်။

“ကချင်ပြည်နယ်ထဲမှာ အဖမ်းခံထားရတဲ့ လူစာရင်းတွေရှိပါတယ်။ လူ ၅၀ ကျော်လောက် ရှိနေပါတယ်။ ဒါ အပြည့်အစုံ မဟုတ်သေးပါဘူး။ ဒီလူတွေကိုလည်း ကျနော်တို့က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အဖမ်းခံရတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး အကျဉ်းသားအဖြစ်နဲ့ အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ဒီလူတွေ အမြန်ဆုံး လွတ်မြောက်ဖို့ အတွက် ဆွေးနွေးနေတာတွေတော့ ရှိပါတယ်။ နောက်တခုဆိုးတာက ဒီလူတွေက တချို့တွေကတော့ စွပ်စွဲပြီး အဖမ်းခံရတာမျိုးတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ နောက် စစ်ကြောရေး စခန်းတွေထဲမှာ နှိပ်စက်ခံရတာတွေလည်း ရှိပါတယ်။ ဒါဟာ လုံးဝကို သည်းညည်းခံ သင့်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ အဲ့တော့ ဒီလို နှိပ်စက်ညှဉ်းပန်းတာတွေ ပပျောက်ဖို့၊ မတရား ဖမ်းဆီးတာတွေ ပပျောက်ဖို့ဆိုတာကိုတော့ ကျနော်တို့ ဆက်ပြီး ကြိုးစားရမှာပါ။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာ လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ အစိုးရမှာလည်း တာဝန်ရှိပါတယ်။”

ဒီလိုမတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ပပျောက်ဖို့အတွက်ဆိုရင် တည်ဆဲ ဥပဒေတွေကို အသက်သွင်းဖို့ လိုအပ်ကြောင်းလည်း ဦးဘိုကြည် က သုံးသပ်ထားပါတယ်။

“တည်ဆဲဥပဒေမှာ မည်သူတဦးတယောက်ကိုမှ နှိပ်စက်ညှဉ်းပန်းခြင်းမပြုရ၊ နှိပ်စက် ညှဉ်းပန်း ခြင်းပြုတယ်ဆိုရင် အဲ့ဒီလူကို တည်ဆဲဥပဒေအရ အရေးယူရပါမယ်။ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ် အစရှိသဖြင့် ပြစ်ဒဏ်ချမှတ်လို့ရပါတယ်။ အဲ့ဒီတည်ဆဲဥပဒေကို အသက်သွင်းဖို့ အတွက် ကြိုးစားဖို့ လိုပါတယ်။ ဒါက ပြည်တွင်းမှာ ဥပဒေစိုးမိုးမှု ရှိစေချင်တယ်ဆိုရင် ဒီဥပဒေကို ကျနော်တို့ ဘယ်သူမဆို လိုက်နာရမယ်။ ဒါက စစ်သားဖြစ်နေပါစေ၊ မဟုတ်လု့ိရှိရင်လည်း ရဲပဲဖြစ်နေ ပါစေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေပဲ ဖြစ်ပါစေ၊ ဒါမျိုးတွေကို ကျနော်တို့က အရေးယူ နိုင်တဲ့ အဆင့်မျိုးတွေ တည်ဆောက်ရပါလိမ့်မယ်။ ဒါမှ တရားဥပဒေစိုးမိုးရေးဖြစ် လာမယ်။ အဲ့တော့မှ မတရားဖမ်းတယ်ဆိုတဲ့ ကိစ္စတွေ ပျောက်လာမှာပါ။”

ဥပဒေပညာရှင်တချို့ကတော့ မတရားသင်း ဥပဒေ ပုဒ်မ ၁၇-၁ ဟာ အင်္ဂလိပ် ကိုလိုနီ အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ မအပ်စပ်ကြောင်း ဝေဖန်တာတွေ ရှိသလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆိုရင် ဒီလို မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ပယ်ဖျက်ပေးဖို့ လိုအပ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
XS
SM
MD
LG