သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လူ့အခွင့်အရေး ကော်မရှင် ရပ်တည်ချက် AHRC ဝေဖန်


မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်းပွဲ။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်းပွဲ။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ပြောဆိုချက်ဟာ ဘက်လိုက်လွန်းပြီး - အစီရင်ခံစာ ရေးသားနိုင်ယုံ ဖွဲ့စည်းထားတဲ့ အဖွဲ့တခုဖြစ်တယ်လို့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နိုင်ငံသားတွေအတွက်ကိုလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ရပ်တည်ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့လည်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ AHRC ကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်။

ဒီဇင်ဘာလ ၄ ရက် သောကြာနေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးယုလွင်အောင် က - စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အခုလို ကာကွယ်ပြောကြားခဲ့တာပါ။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တပ်မတော်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ကျနော်တို့ ပြောလို့မရပါဘူး။ အရင်တုန်းက မသိခဲ့လို့လည်း ဖြစ်ပါတယ်။”

ဒီပြောကြားချက်နဲ့ပတ်သက်ပြီး - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အစိုးရက ဖွဲ့စည်း ထားတဲ့ ရုပ်သေးအဖွဲ့တခု ဖြစ်သလို၊ သူတို့ရဲ့ ပြောဆိုဆောင်ရွက်ချက်တွေဟာလည်း ဘက်လိုက်မှု ရှိတာကို တွေ့ရတယ်လို့ - AHRC အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရှေ့နေ ဦးမင်းလွင်ဦး က ဝေဖန်ခဲ့ပါတယ်။

“မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ရပ်တည်မှု ကတော့ နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းပေးထားတာဖြစ်တယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကို ကျနော်တို့ သိရတယ်။ အဲတော့ တပ်မတော်ရယ်လို့ မဟုတ်ဘူး။ အစိုးရဘက်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာက အာဏာပိုင်တွေက ကျူးလွန်ကြတာ များတာကိုး။ အဲတော့ အဲဒီလိုမျိုး ကျူးလွန်တဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ နိုင်ငံတကာ တွေကို အစီရင်ခံနိုင်ဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကနေပြီးတော့ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်အောင်ပဲ ဟန်ပြလုပ်ဆောင် နေတဲ့ လုပ်ရပ်မျိုး ဖြစ်တယ်လို့ပဲ ကျနော်တို့ မြင်တယ်။ ဘက်လိုက်မှုကင်းတဲ့ ဆောင်ရွက်မှုမျိုး ရှိတယ်ဆိုတာကို ကျနော်တို့ လုံး၀ မတွေ့ရသေးဘူး ဖြစ်တယ်။”

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှာ ချမှတ်ထားတဲ့ မူ ၃ ရပ်ရှိပြီး၊ ဒီအထဲမှာ တရားရုံးကနေ စစ်ဆေးစီရင်တဲ့ အမှုတွေမှာ ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့၊ တရားရုံးမှာ အမှုစွဲတင်နေတဲ့ ကိစ္စရပ်မျိုးတွေနဲ့ ပတ်သက်လို့ သူတို့ ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့နဲ့ တရားရုံးကနေ စစ်ဆေးဆုံး ဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်မှု၊ မှားယွင်းမှု ရှိတယ် - မရှိဘူး ဆိုတဲ့အပေါ်မှာ သူတို့ ဝင်ရောက် စွက်ဖက်မှု မရှိဘူး - ဆိုတဲ့ မူ ၃ ရပ် ဖြစ်ပါ တယ်။

ဒါကြောင့်လည်း အရင်က ဖြစ်ခဲ့တဲ့ သတင်းထောက် ကိုပါကြီး အသတ်ခံရမှုကိစ္စ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလှုပ်ရှားမှုအတွင်း ဒေါ်ခင်ဝင်း သေဆုံးမှုကိစ္စ၊ ကချင်ပြည်နယ်မှာ ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ကိစ္စတွေမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သွားရောက် စစ်ဆေးတာရှိခဲ့ပေမဲ့ - နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း အခုလို ထောက်ပြခဲ့ပါတယ်။

“အမှန်ကတော့ ကျနော်တို့ နိုင်ငံတကာမှာရှိတဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွေအနေနဲ့ ဘက်လိုက်မှုကင်းပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံလာတယ်ဆိုရင် နစ်နာတဲ့သူဘက်ကနေပြီး လိုက်လံ အကာအကွယ်ပေးပြီး ဆောင်ရွက်ရမှာ ဖြစ်တယ်။ ထိုက်သင့်တဲ့ တရားမျှတမှုကို ရှာဖွေပေးရမှာ ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ အခု ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး ကော်မရှင်က လုပ်ဆောင်မယ့် မူ ၃ ရပ် ချထားတာ တွေ့တယ်။ အဲတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ နစ်နာတဲ့ နိုင်ငံသားတွေ အတွက် လုပ်ဆောင်ပေးနိုင်တဲ့ အခွင့်အရေး တစုံတရာ ဘာမှကို မရှိတဲ့ အခြေအနေမျိုး ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကတော့ လုံးဝကို မကောင်းတဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အလားအလာဖြစ်တယ် လို့ပဲ ပြောချင်ပါတယ်။”

တကယ်တမ်းမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အာဏာပိုင်တွေကို ကာကွယ်မယ့်အစား နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပြီး၊ နစ်နာသူတွေဘက်က ရပ်တည် ဖြေရှင်းပေးသင့် တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

“MNHRC အနေနဲ့ကတော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေး နစ်နာ ဆုံးရှုံးမယ်၊ နိုင်ငံသားတွေ အတွက် ပေးထားတဲ့ ဥပဒေဆိုင်ရာ အခွင့်အရေး နစ်နာဆုံးရှုံးမယ် ဆိုလို့ရှိရင် နိုင်ငံသားတွေကိုယ်စား သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို ကြပ်မတ် လမ်းညွှန်ဖို့အတွက် ဆောင်ရွက်သင့်တယ်။ တရားစွဲတင်တယ်ဆိုရင်လည်း တရားစွဲရမယ်။ နောက်ပြီးတော့တခါ တရားရုံးတွေကနေ မှားယွင်းပြီးတော့ ဆုံးဖြတ်တဲ့ စီရင်ချက်မျိုး ရှိတယ်ဆိုရင်လည်း နိုင်ငံသားတွေရဲ့ နစ်နာမှုအတွက် တရားမျှတမှုရအောင် နစ်နာကြေးရဖို့အတွက် ဆောင်ရွက်ပေးသင့် တယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်။”

၂၀၁၄ စက်တင်ဘာမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီးနောက်ပိုင်းမှာ ပြည်တွင်းပြည်ပကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု စုစုပေါင်း ၃၆၀၀ ကျော် ရှိခဲ့ပေမဲ့ အပြည့်အ၀ ကိုင်တွယ် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG