သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်မှာ ဖြေရှင်းဖို့ လူ့အခွင့်အရေးကော်မရှင် အသင့်ပြင်ထား


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့စဉ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့စဉ်။

နှိပ်စက်ညှင်းပမ်းခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေး ၂ ယောက်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ရာမှာ ပျက်ကွက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းမယ်၊ အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် ဥပဒေနဲ့အညီ ဖြစ်စေလိုတယ်လို့ ကော်မရှင်ကပြောပါတယ်။ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ရှိသူတွေကို အရေးယူဖို့ လွှတ်တော်မှာ ပါ တောင်းဆိုလာတဲ့အထိ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ခဲ့တဲ့ သတင်းသမား ကိုတော့ သမ္မတရဲ့ဂုဏ်ပြုဆု ဒီကနေ့ပဲ ပေးအပ်ခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ခန္ဓာကိုယ်ပျက်ယွင်းတဲ့အထိ နှိပ်စက်ညှင်းပမ်း ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေး ၂ ယောက်ရဲ့ အမှုအတွက် ထိုက်သင့်သလို အရေးယူနိုင်အောင် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့၊ မြန်မာနိုင်ငံအမျိုး သား ကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူ ဖို့၊ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ ဖိအားပေး တောင်းဆို မှုတွေ ကြီးထွား လာနေချိန်မှာပဲ ဥပဒေနဲ့အညီ ဆောင်ရွက်လာ ရင် လက်ခံမှာဖြစ်တဲ့ အကြောင်း ကော်မရှင်ရဲ့ အဆင့် မြင့် တာဝန်ရှိသူတဦး က ပြောဆို လိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ကော်မရှင်မှာ တာဝန်ယူထားသူ တချို့ဟာ စစ်အစိုးရတွေနဲ့ နီးစပ်သူတွေ ပါဝင်နေတယ်ဆိုပြီး ၂၀၁၁ ခုနှစ်မှာ စတင်ဖွဲ့စည်းချိန် ကတည်းက အခြေအတင်ဖြစ်စရာတွေလည်း ကြုံခဲ့ရတာပါ။ အခုနောက်ဆုံး ကော်မရှင် ရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ ပြဿနာတွေ ပေါ်လာရာက တာဝန်ရှိသူတချို့ကို အရေးယူဖို့၊ ဒါမှမဟုတ် ပြင်ဆင်ဖွဲ့စည်းဖို့ တောင်းဆိုမှုတွေ တကျော့ပြန် ပေါ်ထွက် လာနေတဲ့အတွက် ဒီလို ဆောင်ရွက်မယ်ဆိုရင် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုမယ် လို့ ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောပါ တယ်။

" မပြောတတ်ဘူးဗျာ။ အဲ့တာတွေကတော့ ကျနော်တို့ ဉာဏ်မမှီဘူး။ ပြုပြင်ပြောင်းလဲ တာတို့ ပြင်ဆင်ဖွဲ့တာတို့က ကျနော်တို့နဲ့ မဆိုင်တော့ဘူး။ ကျနော်တို့ကို ဖွဲ့ပေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ဆိုင်ပါတယ်။ ကျနော်တို့ကို ဖွဲ့တာက ဥပဒေနဲ့ဖွဲ့တာဖြစ်တဲ့အတွက် တကယ်လို့ ကျနော်တို့ကို ဖျက်မယ် လူလဲမယ်ဆိုလည်း ဥပဒေနဲ့အညီ လုပ်ရင်တော့ လည်းပဲ ကောင်းတာပေါ့ဗျာ။ ဒါပါပဲ ကျနော်တို့ကတော့ ဘာမှ သိပ်မပြောလိုပါဘူး။ "

အခုအခါမှာတော့ မိန်းကလေးငယ်တွေကို လျော်ကြေးပေး ကျေအေးတာကို လက်ခံခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်က တာဝန် ရှိသူတွေကို အရေးယူဖို့ ပြည်သူ့ လွှတ်တော် မှာ မနေ့တုန်းကပဲ အရေးကြီးအဆို တင်သွင်းခဲ့သလို ပုဂ္ဂလိက ရှေ့နေ အဖွဲ့အစည်း တွေကလည်း တရားစွဲဖို့ ခြိမ်းခြောက် ထားပါတယ်။ ပြည်သူ့လွှတ်တော် မှာ ဒီကိစ္စကို ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ထားတဲ့ အတွက်လည်း ဆွေးနွေး ရာမှာ ကော်မရှင်ဘက်က သွားရောက်ဖြေရှင်းဖို့ ပြင်ဆင် ထားတယ်လို့လည်း ဦးစစ်မြိုင်ကပြောပါတယ်။

" အဓိက ကတော့ သွားမှာကတော့ ဥက္ကဋ္ဌနဲ့ နောက်တဦးသွားမှာပေါ့။ လွှတ်တော်ကလည်း ဖိတ်စာရပါပြီ။ ကျနော်တို့ကတော့ အဲ့တာနဲ့ပတ်သက်တဲ့ တိုင်စာပေါ့ ကိုဆွေဝင်းဆီက တိုင်စာရတာကနေစပြီး နောက်ဆုံးအထိ ဘာတွေ လုပ်တယ် ဆိုတဲ့ ဆောင်ရွက်ချက်လေးတွေကို စီကာစဉ်ကာ တင်ပြမှာပါ။ အဓိကကတော့ ဒါပဲ။ အဲ့ဒီ့ဆောင်ရွက်တာတွေက ဥပဒေနဲ့ ကိုက်ညီတာတွေ၊ ဒါလေးတွေကို ကျနော်တို့က အထောက်အထားပြပြီးတော့ ပြောမှာပေါ့။ ပြောဖို့ ကျနော်တို့ပြင်ထားတာပေါ့။ ပြင်ထားတယ်ဆိုတာ အားလုံးဝိုင်းပြီး အကြံပေးကြတာပေါ့။"

လတ်တလောမှာတော့ ကျုးလွန်သူတွေလို့ စွပ်စွဲခံထားရသူ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင် အနည်းဆုံး ၄ ဦးကို လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး လူမှောင်ခိုမှုပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ညှင်းပမ်းနှိပ်စက်မှုတွေ ကြုံခဲ့ရတဲ့ မိန်းကလေးတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စောင့်ရှောက်ထားပြီး ကျုးလွန်သူတွေအဖြစ် စွပ်စွဲခံရသူတွေကို ကလေးသူငယ် ဥပဒေနဲ့ပါ နောက်ဆက်တွဲ အမှုဖွင့်ထားပါတယ်။

အင်တာနက် လူမှုကွန်ယက်တွေမှာ အကြီးအကျယ် ပြန့်နှံ့ခဲ့ရာက လူထုကြားမှာ လူ့အခွင့်အရေး ကော်မရှင်အပေါ် မကျေနပ်မှု တွေ ကြီးထွားလာခဲ့တဲ့အထိ အမှုမှန်ကို စတင်စုံစမ်းဖော်ထုတ်ပေးခဲ့သူ Myanmar Now သတင်းဌာနက ကိုဆွေဝင်းကိုတော့ သမ္မတကပေးအပ်တဲ့ ဂုဏ်ပြုဆုကို နေပြည်တော် မှာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပေးအပ်ခဲ့ပါတယ်။

သမ္မတက ဂုဏ်ပြုဆုချီးမြှင့်လိုက်တဲ့ ကိုဆွေဝင်းနဲ့ ညှင်းပမ်းနှိပ်စက်မှု ခံခဲ့ရတဲ့ မိန်းကလေးငယ်တွေအတွက် လုံခြုံရေးအရ ကာကွယ်စောင့်ရှောက်မှုပေးဖို့လည်း သမ္မတရုံးက ဒီသီတင်းပတ်ထဲမှာပဲ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။ အမှုနဲ့ ပတ်သက် လို့လည်း အနီးကပ် ဆက်လက်စောင့်ကြည့် သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG