သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌသစ်အဖြစ် ထိုင်းသံအမတ်ကြီးကို ရွေး


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌသစ်အဖြစ် ဂျနီဗာမှာရှိတဲ့ ထိုင်းသံအမတ်ကြီးကို ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးကောင်စီ ရုံးစိုက်ရာ ဂျနီဗာမှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူ သံအမတ်ကြီး ဆီဟာဆတ် ဖွန်ခတ်ခွေ (Sihasak Phuangketkeow) ကို အလှည့်ကျဥက္ကဋ္ဌ ရာထူးသစ် သက်တမ်းအတွက် အီရန်အစိုးရရဲ့ အမြဲတမ်း ကိုယ်စားလှယ်က အာရှအုပ်စုကိုယ်စား တနင်္လာနေ့က အမည်တင်သွင်းလိုက်တာ ဖြစ်ပါတယ်။

“အာရှအုပ်စုကိုယ်စား ကုလသမဂ္ဂဆိုင်ရာ ထိုင်းသံအမတ်ကြီး ဆီဟာဆတ် ဖွန်ခတ်ခွေကို အခု ဥက္ကဋ္ဌ သက်တမ်းအတွက် လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ကျနော် ဂုဏ်ယူစွာပဲ အမည်စာရင်း တင်သွင်းလိုပါတယ်။”

အဖွဲ့ဝင် ၄၇ နိုင်ငံပါ လူ့အခွင့်အရေးကောင်စီ အနေနဲ့ ၅ နှစ်တကြိမ် ဥက္ကဋ္ဌရာထူးကို အလှည့်ကျ တာဝန်ယူရမှာ ဖြစ်တဲ့အတိုင်း ကမ္ဘာပေါ်ရှိ ဒေသတိုင်းက အလှည့်ကျ တာဝန်ယူနိုင်ရေးအတွက် အာမခံချက် ပေးထားတဲ့ စည်းမျဉ်းအရ အာရှဒေသဟာ ဒုတိယသက်တမ်းသစ် အတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီသစ် မတည်ခဲ့တဲ့ ၂၀၀၆ ခုကစလို့ ပထမဥက္ကဋ္ဌအဖြစ် ဘယ်လ်ဂျီယံ နိုင်ငံသား အဲလက်စ် ဗန်း မီအူဝန် (Alex van Meeuwen) က တာဝန်ထမ်းဆောင်ခဲ့ပြီး အာရှဒေသက ဥက္ကဋ္ဌအဖြစ် သံအမတ်ကြီး ဆီဟာဆတ် ဖွန်ခတ်ခွေကို အခုလို ကန့်ကွက်မဲမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

သံအမတ်ကြီး ဖွန်ခတ်ခွေက လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သွားမယ့် သူ့ရဲ့ ခံယူချက်နဲ့ ပတ်သက်လို့ သူ့ကို အတည်ပြုပြီးနောက် ၁၄ ကြိမ်မြောက် ညီလာခံမှာ အခုလို ပြောကြားသွားပါတယ်။

“ပထမကတော့ လူ့အခွင့်အရေး ကောင်စီရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရေး၊ ဒုတိယကတော့ အပြုသဘော ဆွေးနွေးရေးစိတ်ဓာတ် မွေးမြူရေး၊ လူ့အခွင့်အရေးကို ထောက်ခံအားပေး မြှင့်တင်ရေးပါပဲ။ ဒါ့အပြင် လက်ကမ်း ကြိုဆိုမယ်၊ တဘက်က ပြောဆိုတာကိုလည်း နားထောင်မယ်၊ အဘက်ဘက်က အမြင်တွေကိုလည်း လေးစားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် ချက်ချင်းဆိုသလိုပဲ အလွတ်သဘော ဆွေးနွေးမှုတွေကို စတင်သွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် လူ့အခွင့်အရေးဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကြီးအရ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တဲ့အတွက်ကြောင့်လည်း ထိန်းသိမ်း စောင့်ရှောက်သွားနိုင်ဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့လည်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။

“အဆုံးမှာတော့ လူ့အခွင့်အရေးကောင်စီရဲ့ အောင်မြင်မှုတွေဟာ ရွှန်းရွှန်းတောက်နေတဲ့ ထုတ်ပြန်ချက်တွေ၊ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေရဲ့ အရေအတွက် အနည်းအများပေါ်မှာ မူတည်မှာ မဟုတ်ပါဘူး။ တကယ့်လက်တွေ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေမှာ ဘယ်လောက် အောင်မြင်မှု ရရှိသလဲ ဆိုတဲ့အပေါ်မှာ အောင်မြင်မှုကို အကဲဖြတ် ခံရမှာပါ။”

သံအမတ်ကြီး ဆီဟာဆတ် ဖွန်ခတ်ခွေဟာ ထိုင်းနိုင်ငံခြားရေးဌာနမှာ ၁၉၇၉ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံပေါင်းစုံ ဆက်ဆံရေးမှာ အတွေ့အကြုံ ကြွယ်ဝသူလို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်မှာ သူဟာ ဂျနီဗာရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ ထိုင်းနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခြင်း ခံရပြီးနောက် သူဟာ လူ့အခွင့်အရေးကောင်စီ ကိစ္စရပ်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်တွေက ဆိုပါတယ်။

သူ့ကို အခုလို လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ချိန် မတိုင်မီဖြစ်တဲ့ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံတဲ့ ရှပ်နီဝတ်တွေနဲ့ ထိုင်းအစိုးရကြား ပဋိပက္ခ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၉၀ သေဆုံးခဲ့ပြီး ၁,၈၀၀ ကျော် ဒဏ်ရာရရှိခဲ့တာကြောင့်လည်း အခုလို ဆန္ဒပြ နှိပ်ကွပ်မှုတွေကို သီးခြား စုံစမ်း စစ်ဆေးပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ပြီးခဲ့တဲ့လက တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG