သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး HRW စိုးရိမ်


Human Rights Watch Logo
Human Rights Watch Logo
မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးက ပြောလိုက် ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားစေရုံလောက်ပဲ လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအဖြစ် မြင်တယ်လို့ HRW ရဲ့ အာရှဆိုင်ရာ တာဝန်ရှိသူက VOA မြန်မာပိုင်းကို ပြောဆိုခဲ့တာဖြစ်ပါတယ်၊ ၂၀၁၂ ခုနှစ်ဆိုင်ရာ HRW ရဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပါတ်သက်လို့ HRW ကို ကိုကျော်သိင်္ခက ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ အကြောင်းစုံကို သိအောင် ပြောပြပေးပါ။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတိုးတက်မှုအခြေအနေဟာ နိမ့်ကျနေဆဲပဲလို့ ၂၀၁၂ ခုနှစ်အတွက် HRW လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်အရှေ့ဘက်ခြမ်းက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေ နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီးနောက်၊ အဲဒီဒေသတွေက မြန်မာအစိုးရတပ်တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေအကြား တိုက်ခိုက်မှုတွေ လျော့ပါးသွားခဲ့ပေမယ့် မြန်မာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာတော့ မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေက ဆက်ပြီ်း ပြင်းထန်နေဆဲပဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့ အစည်းတွေ၊ ဒုက္ခသည်တွေဆီ သွားရောက်ကူညီခွင့်ကိုလည်း မြန်မာအစိုးရဘက်က ခွင့်မပြုခဲ့ဘူးလို့လည်း HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာတာဝန်ရှိသူ John Fifton က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အပေါ် တုံပြန်ဖြေရှင်းတာ၊ ကချင်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အဲဒီဒေသတွေမှာရှိတဲ့ ဒေသခံတွေဆီကို ကြက်ခြေနီအဖွဲ့တွေ နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခွင့်ပြုဖို့ အကူအညီပေးမယ် ဆိုတဲ့ကိစ္စတွေက လက်တွေ့ဖြစ်မလာသေးပါဘူး။ လွန်ခဲ့တဲ့ ၂ လလောက်တုန်းက သမ္မတ အိုဘားမား မြန်မာပြည်ကို သွားတုန်းက မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေဆက်ပြီးလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူတို့လုပ်တဲ့ပြုပြင်ပြောင်းလဲမှုက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားစေရုံလောက်ပဲလုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပါတယ်။ သူတို့တကယ်လုပ်ရမယ့်ဟာကို အပြီးတိုင်လုပ်ချင်တဲ့ ဆန္ဒ၊ မြန်မာအစိုးရမှာ ရှိပုံမရပါဘူး။ ရှေ့ဆက်သွားနေတယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပက်သက်ပြီးတော့ ကျနော်တို့ စိုးရိမ်မိပါတယ်”

HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှဆိုင်ရာတာဝန်ရှိသူ မစ္စတာ John Fifton ပြောသွားတာပါ။ မြန်မာအစိုးရ နဲ့ ကချင်တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေကြောင့် ၂၀၁၂ ခုနှစ်အတွင်းမှာပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ခန့်မှန်းခြေ ၉ သောင်းလောက်ရှိတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီအရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၅ သိန်းခွဲကျော်ရှိတယ်လို့ HRW ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်တွေ ရှိလာပေမယ့်လို့၊ မီဒီယာတွေအပေါ် တင်းကြပ်တဲ့ ဥပဒေတွေရှိနေတုန်းပဲလို့ HRW အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း နဲ့ ပက်သက်ပြီးတော့လည်း မစ္စတာ John Fifton က …….

“ပြဿနာတွေက ရှိနေတုန်းပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာကို ရာဇဝတ်မှု နဲ့ ပုဒ်မတပ်ပြီး တရားစွဲနိုင်တဲ့ ဥပဒေတွေလည်း ရှိနေတုန်းပါ။ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ နဲ့ အီလက်ထရောနစ် ဥပဒေတွေဆိုတာလည်းရှိတုန်းပါ။ ပြီးတော့ အရေးပေါ် အက်ဥပဒေတွေ၊ အဲဒါတွေအားလုံးကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ် နေတယ်လို့ အစိုးရက ပြောနေပေမယ့်၊ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်သူတွေကို မကြာခဏဆိုသလို ဖမ်းဆီးမှုတွေလုပ်နေတုန်းပါ။ ဒါတွေက တကယ့်ပြဿနာတွေပါ”

မြန်မာနိုင်ငံထဲက ပဋိပက္ခအခြေအနေတွေ၊ မီဒီယာလွတ်လပ်ခွင့်တွေ နဲ့ ပက်သက်ပြီး အားနည်းချက်တွေကို HRW ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပေမယ့်၊ ပြီးခဲ့တဲ့ နှစ်အတွင်း သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြည်ပရောက် အတိုက်အခံ အင်အားစုတွေကို ပြည်တွင်းထဲကို ပြန်လာခွင့်ပြုခဲ့တာတွေ၊ နိုင်ငံရေးကျဉ်းသား ၄၀၀ နီးပါးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်ပြီးလွှတ်ပေးခဲ့တာတွေ ကိုလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲက တိုးတက်မှုအဖြစ်နဲ့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ရာနဲ့ချီပြီး ကျန်ရှိနေသေးတဲ့အကြောင်းလည်း HRW ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
XS
SM
MD
LG