ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အခြေစိုက်တဲ့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ ထိန်းသိမ်းထားကြောင်း ICC က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးတိုက်ဖျက်ရေးမှာ အရေးယူဆောင်ရွက်ခဲ့တာတွေအတွက် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဖြစ် ဒူတာတေးကို ICC က စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
ဒူတာတေးကို ဟောင်ကောင်ကနေ ဖိလစ်ပိုင်ကိုအပြန် မနီလာလေဆိပ်မှာ ဖိလစ်ပိုင် အာဏာပိုင်တွေက မတ်လ ၁၁ ရက် (အင်္ဂါနေ့) က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ICC အခြေစိုက်တဲ့ နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ကို အထူး လေယာဥ်နဲ့လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဒူတာတေး အတွက် "ကြိုတင်ကာကွယ်တဲ့အနေနဲ့" ဆေးဘက်ဆိုင်ရာစောင့်ရှောက်ပေးမှုတွေကို လေဆိပ်မှာ အဆင်သင့်ပြင်ပေးထားခဲ့တယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒူတာတေးကို တင်ဆောင်လာတဲ့ လေယာဉ်ငယ်ကို အရေးပေါ်သူနာပြုယာဥ် တစီးနဲ့အတူ ဘစ်ကားနှစ်စီးက အသင့်စောင့်နေခဲ့တာကို သည်ဟိဂ်မြို့က ရော့တာဒမ် လေဆိပ်မှာတွေ့မြင်ရပါတယ်။ အသက် ၇၉ နှစ် အရွယ် ဒူတာတေးဟာ ရက်ပိုင်းအတွင်းမှာ ကနဦးရုံးထုတ် စစ်ဆေးခံရမှာဖြစ်ပါတယ်။ အဲဒီမှာ တရားစွဲ ရှေ့နေတွေက သက်သေအထောက်အထား အခိုင်အလုံ တင်ပြနိုင်ရင် ပင်မတရားခွင်မှာ ဆက်လက် ကြားနာစစ်ဆေးနိုင်ဖို့ ရက်သတ်မှတ်ရမှာဖြစ်ပါတယ်။ တကယ်လို့သာ ရုံးတင်စစ်ဆေးပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင် ဒူတာတေဟာ ထောင်ဒဏ်တသက်တကျွန် အထိ အမြင့်ဆုံးပြစ်ဒဏ်ကို ရင်ဆိုင်ရဖွယ် ရှိပါတယ်။
ဒူတာတေးကို ICC ဝရမ်းအရ ဖမ်းဆီးလိုက်ကြောင်း လက်ရှိ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်က အင်္ဂါနေ့မှာ ကြေညာရာမှာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မူးယစ်နှိမ်နင်းရေး အတွင်း တရားရုံးတင် မစစ်ဆေးဘဲ သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေက ကြိုဆိုကြောင်း ပြောဆိုကြပါတယ်။ ဒါပေမယ့် ဒူတာတေးကို ထောက်ခံကြသူတွေကတော့ ဖမ်းဆီးမှုက တရားမ၀င်ဘူးလို့ ဝေဖန်ကြပါတယ်။ မာကို့စ်ကတော့ “ဒူတာတေးကို ဖမ်းဆီးတာက နိုင်ငံတကာတရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပေးတာဖြစ်ပြီး တော်သင့် မှန်ကန်ပြီး နိုင်ငံရေးအရဖိနှိပ်တာမဟုတ်ဘူး” လို့ ကာကွယ်ပြောဆိုပါတယ်။ ဒူတာတေးကို ထောက်ခံသူ အုပ်စုတွေနဲ့ ဖမ်းဆီးမှုကို ထောက်ခံကြတဲ့ အုပ်စုတွေဟာ ဗုဒ္ဓဟူးနေ့က ICC တရားရုံး အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်တုန်းက ဒူတာတေးရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့အတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဥ်အောက်မှာ လူ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ICC က ၂၀၂၁ ခုနှစ်ကတည်းက စတင်စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒူတာတေး သမ္မတ သက်တမ်းအတွင်း ရာဇဝတ်မှု တိုက်ဖျက်ရေးမှာ သေဆုံးသူအရေအတွက်ကလည်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ၆,၀၀၀ ကျော် ရှိတယ်လို့ ခန့်မှန်းထားပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ ၃၀,၀၀၀ အထိရှိတယ်လို့ ဆိုကြပါတယ်။
Forum