နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကဖမ်းဝရမ်းထုတ်မယ်ဆိုရင် အဖမ်းခံဖို့ အသင့်ရှိကြောင်း ဟောင်ကောင်မှာရောက်နေတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte ကပြောလိုက်ပါတယ်။
သမ္မတတာဝန်ယူစဉ် မူးယစ်ဆေးဝါး နှိမ်နင်းတဲ့စစ်ဆင်ရေးအတွင်း လူထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရတဲ့ အပေါ် ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတဲ့သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလိုပြောလိုက်တာပါ။ ရာဇဝတ်မှုတွေတိုက်ဖျက်မှုအတွက်ထင်ရှားတဲ့ မြို့တော်ဝန်အဖြစ်ကနေ မူးယစ်ဆေးဝါး နှိမ်နင်းရေး မဲဆွယ်စည်းရုံးမှုတွေနဲ့ ရွေးကောက်ပွဲမှာအနိုင်ရပြီး ၂၀၁၆ ခုနှစ်မှာ သမ္မတဖြစ်လာတဲ့ Duterte လက်ထက်မှာ မူးယစ်ဆေးဝါးမှုနဲ့ လူပေါင်းထောင်ချီ သတ်ဖြတ်ခံခဲ့ရပါတယ်။
လက်ရှိသမ္မတ Ferdinand Marcos Jr ရဲ့ ရုံးကတော့ နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က တရားဝင် ဆက်သွယ်လာတာ မျိုး မရှိသေးပေမဲ့ Duterte ကို ဖမ်းဆီးလွှဲပြောင်းပေးနိုင်ခြေရှိတယ်လို့ ပြောပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က ဖမ်းဝရမ်းနဲ့ တောင်းခံလာခဲ့ရင် ဥပဒေနဲ့အညီလိုက်နာဖို့ အဆင်သင့် ရှိတယ်လို့လည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Claire Castro ကပြောပါတယ်။
ICC အဖွဲ့ဝင်မဟုတ်တဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံဟောင်ကောင်ကျွန်းမှာ သမ္မတဟောင်း Duterte ဘယ်လောက်ကြာကြာ ဆက်နေနိုင်မယ်ဆိုတာကတော့ လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Duterte ဟာ ဖိလစ်ပိုင် အလုပ်သမား ထောင်ပေါင်းများစွာတက်ရောက်တဲ့ စည်းရုံး လှုပ်ရှားမှုပွဲမှာ မိန့်ခွန်းပြောဖို့ ဟောင်ကောင်ကို ရောက်နေပြီး လာမယ့် ဖိလစ်ပိုင်ကြားဖြတ်ရွေးကောက်ပွဲမှာ အထက်လွှတ်တော် အမတ်လောင်းနေရာတွေအတွက် ထောက်ခံမှုတိုးလာဖို့လည်း မျှော်လင့်နေတာပါ။
သမ္မတဟောင်း Duterte ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ခဲ့တာသာဖြစ်ပြီး ICC က ဖမ်းဝရမ်းထုတ်ခဲ့ရင် အဖမ်းခံဖို့အသင့်ရှိတယ်လို့လည်း စည်းရုံးရေးမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
Forum