ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့ဟာ မြန်မာအာဏာပိုင်တွေရဲ့ ပန်ကြားမှုနဲ့ ဇူလိုင်လ ၁ ရက်ကနေ ၅ ရက်အတွင်း နယ်အကျဉ်းထောင် ၃ ခုမှာ ရေရရှိမှုနဲ့ ရေဆိုးစွန့်ပစ်မှု အခြေအနေတွေကို သွားရောက်စစ်ဆေးခွင့် ရခဲ့ပါတယ်။ အခုလို နည်းပညာ အကူညီပေးမှုတွေကနေ တဆင့် မကြာခင်မှာပဲ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်၊ အကူအညီ ပေးနိုင်ခွင့်တွေ ရလာမယ်လို့ မျှော်လင့်ထားကြောင်းလည်း ICRC က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံ အကျဉ်းထောင်တွေကို သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ICRC အဖွဲ့ဟာ အခု နည်းပညာဆိုင်ရာ အကူအညီတွေ ပေးဖို့အတွက် သွားရောက်ခွင့် ရခဲ့တယ်လို့ ICRC အဖွဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ ခရစ်ရှန် ကာဒန်က ပြောပါတယ်။
“ကျနော်တို့ဟာ ရေရရှိရေးအတွက်နဲ့ ရေသွင်း ရေထုတ်မှုဆိုင်ရာ နည်းပညာ အကူအညီတွေ ပေးနိုင်ဖို့ အကျဉ်းထောင် ၃ ခုမှာ လုပ်နိုင်ခဲ့ပါတယ်။ ပထမ ဇူလိုင်လ ၁ ရက်နေ့မှာ မော်လမြိုင် အကျဉ်းထောင်ကို သွားပြီး ဇူလိုင်လ ၂ ရက်နေ့မှာတော့ ဘားအံ အကျဉ်းထောင်နဲ့ ဇူလိုင် ၅ ရက်နေ့မှာ မြောင်းမြ အကျဉ်းထောင်ကို သွားခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။
အခုလို နယ်အကျဉ်းထောင်တွေကို သွားခွင့်ရခဲ့တာဟာ ICRC ရဲ့ ပုံမှန်အလုပ်ဖြစ်တဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံတာမျိုး မဟုတ်ဘူးလို့လည်း ပြောပါတယ်။
“အခုလို သွားရောက်ခဲ့တာဟာ နည်းပညာဆိုင်ရာ အကူအညီတွေ ပေးဖို့သက်သက်ပဲ သွားခဲ့တယ် ဆိုတာကို သိထားဖို့က သိပ်ကို အရေးကြီးပါတယ်။ ICRC က တကယ်လုပ်ရမယ့် အလုပ်ဖြစ်တဲ့ အကျဉ်းသားတွေကို တွေ့ဖို့ သွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် အကျဉ်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်လည်း မရခဲ့ပါဘူး။ ဒီလို အကျဉ်းသားတွေနဲ့ တွေ့ဆုံဖို့ အကျဉ်းထောင်တွေထဲကို သွားရောက်ခွင့် ရခဲ့တာဟာ ၂၀၀၅ ခုနှစ်မှာ နောက်ဆုံးမို့ အခုဆို ၆ နှစ်နီးပါး ရှိနေပါပြီ။” လို့လည်း ဆိုပါတယ်။
ICRC အဖွဲ့ကို ရေရရှိရေးနဲ့ ရေဆိုး စွန့်ထုတ်မှုဆိုင်ရာ နည်းပညာ အကူအညီတွေ ပေးဖို့အတွက် မြန်မာအာဏာပိုင်တွေဘက်က ပန်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။ မြန်မာအာဏာပိုင်တွေရဲ့ ဒီပန်ကြားမှုနဲ့ အခုလို အကျဉ်းထောင်တွေဆီ သွားရောက်နိုင်တာဟာ နောင်မှာ အကျဉ်းသားတွေကို တွေ့ဆုံနိုင်တဲ့အရေး အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ လုပ်ငန်းတွေ လုပ်လာနိုင်မယ့် ခြေလှမ်းတရပ် ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
“ဒါဟာ ပထမခြေလှမ်းတရပ်ပါ။ ကျနော်တို့ဟာ မြန်မာအာဏာပိုင်တွေနဲ့လည်း ဆွေးနွေးနေတာမို့ အခု နည်းပညာ အကူအညီပေးတဲ့ ခြေလှမ်းနဲ့ စပေမဲ့ ရှေ့မှာ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေ အတွက်ပါ တွေ့ဆုံ အကူအညီတွေ ပေးနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့်တွေ ဖြစ်လာမှာပါ။ ဒါဟာ ရေရှည်အတွက်ပါ။” လို့ ပြောသွားပါတယ်။
ICRC ဟာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၈၀ ကျော်မှာရှိတဲ့ ဒီလို အကျဉ်းထောင်တွေထဲက အကျဉ်းသားပေါင်း ၅၀၀,၀၀၀ လောက်အတွက် နှစ်စဉ် အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။ ဒီလို အကူအညီတွေ ပေးနိုင်ဖို့အတွက် အခုလို တနေရာရာကနေ စရတဲ့ အတွေ့အကြုံတွေ ရှိတာမို့ အခုလည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို အကူအညီ ပေးနိုင်မယ့် လမ်းစအဖြစ်နဲ့ ခံယူထားတယ်လို့ ပြောပါတယ်။
ICRC အဖွဲ့ဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် မြန်မာစစ်အစိုးရလက်ထက် ကန့်သတ်ပိတ်ပင်မှု အမျိုးမျိုး မလုပ်ခင် အချိန်အထိ အကျဉ်းသားတွေရဲ့ ကျန်းမာရေး အပါအဝင် အကူအညီတွေ အမျိုးမျိုး ပေးနိုင်ခဲ့ပါတယ်။
မကြာခင်ကမှ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ICRC ကို အကျဉ်းထောင်တွေထဲကို သွားရောက်ခွင့် ပြန်ပြီး ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့နောက် မြန်မာအစိုးရ သတင်းစာတွေထဲမှာ ပထမဆုံး ICRC နဲ့ ပတ်သက်တဲ့ တောင်းဆိုချက်ကို ထည့်သွင်း ဖော်ပြခဲ့တာ တွေ့ရပါတယ်။