သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICRC က မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေး


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ
အရပ်ဖက် အုပ်ချုပ်ရေးပိုင်းမှာ လုံခြုံရေးရဲတပ်ဖွဲ့က လိုက်နာစောင့်ထိန်း ရမယ့် နိုင်ငံတကာ စံနှုန်းကျင့်ဝတ်ဆိုင်ရာ သင်တန်းတရပ်ကို ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြီးတန်းရဲ တာဝန်ရှိသူတွေကို လေးရက်ကြာ ပို့ချဆွေးနွေးနေပါတယ်။ ICRC နဲ့ မြန်မာအာဏာပိုင်တွေအကြား အခုလို လူသားချင်းစာနာမှု လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အခုလို ပူးတွဲဆောင်ရွက်နိုင်တာဟာ အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ ICRC က ပြောပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ သင်တန်းပေးဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဌာနဆိုင်ရာ ညွန်ကြားရေးမှုးတွေ ပြည်နယ်နဲ့တိုင်းအသီးသီးက ရဲတပ်ဖွဲ့အကြီးအကဲတွေ စတဲ့ အကြီးတန်းရဲအရာရှိ ၂၀ ကျော် တက်ရောက်နေတယ်လို့ ICRC က ပြောပါတယ်။

ဆွေးနွေးပွဲကို ပြည်ထဲရေး ဒုတိယဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်တဲ့ ရဲချုပ် ကျော်ကျော်ထွန်းက တက်ရောက် ဖွင့်လှစ် အမှာစကားပြောရာမှာတော့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အရပ်ဖက်လုံခြုံရေးကို တာဝန်ယူရတဲ့ လုံခြုံရေးတပ်ဖွဲ့တရပ် ပီပီပြင်ပြင်ဖြစ်လာဖို့အတွက် အရပ်ဖက် တည်ငြိမ်အေးချမ်းရေးကိုဆောင်ရွက်ရာမှာ နိုင်ငံတကာစံနှုန်းစံထားအတိုင်း
ဆောင်ရွက်နိုင်ဖို့ အခု သင်တန်းဟာ တကယ့်ကို အရေးကြီးတယ် လို့ ပြောဆိုခဲ့တဲ့အကြောင်း ICRC က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ICRC ဖက်ကတော့ ရဲဖက်ဆိုင်ရာကျွမ်းကျင်သူလည်းဖြစ်၊ အရင် ဒိန်းမတ်နိုင်ငံရဲအရာရှိဟောင်းဖြစ်ခဲ့သူ John Erik Jensen က ဦးဆောင် ဆွေးနွေးသင်တန်းပေးခဲ့တာပါ။ ဒီလို သင်တန်းမျိုးတွေ နောင်မှာ ဆက်လုပ်သွားနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ICRC ရန်ကုန်ရုံး ဆက်သွယ်ရေးအရာရှိ Giuseppe Pogliari က ဗွီအိုအေကို ပြောပါတယ်။

“အခုလို သင်တန်းပေးတာမျိုး အတူ ပူးတွဲဆောင်ရွက်မှုတွေကို ပိုပြီး တိုးချဲ့ဆောင်ရွက်မယ့်အခြေအနေ နည်းလမ်းတွေကို ရှာဖွေ လုပ်ဆောင်သွားဦးမှာပါ။ အခုသင်တန်းတွေဟာ မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ တိုးမြင့်လာအောင် လုပ်ဆောင်မှုတရပ်လည်းဖြစ်ပါတယ်။”

သင်တန်းပေးတဲ့အထဲမှာတော့ အရပ်ဖက်မငြိမ်သက်မှုတွေ ကြုံလာရင် လုံခြုံရေးတပ်ဖက်က အင်အားသုံးကိုင်တွယ်ရတဲ့အခါ ဘယ်လို အင်အားသုံးရမလဲ၊ လက်နက်ပစ္စည်းတွေကို ဘယ်လို ကိုင်တွယ် အသုံးပြုရမလဲ လူအုပ်ကို ဘယ်လို ထိန်းပြီး တည်ငြိမ်မှုရအောင်လုပ်မလဲ၊ ဖမ်းဆီးရှာဖွေစစ်ဆေးမှုတွေကို ဘယ်လို လုပ်ဆောင်မလဲ စတဲ့ တည်ငြိမ်မှု တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုတွေကို နိုင်ငံတကာစံနှုန်းအတိုင်းဖြစ်အောင် သင်တန်းပေးဆွေးနွေးနေတယ်လို့ ICRC က ပြောပါတယ်။

လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေနဲ့ ဥပဒေစိုးမိုးမှုကိစ္စတွေနဲ့ပတ်သက်လို့ အလားတူ ဆွေးနွေးမှုမျိုးတွေကို မြန်မာစစ်တပ်နဲ့လည်း ပူးပေါင်းဆောင် ရွက်မှုတွေ လုပ်ဖို့ စဉ်းစားချက်လည်း ရှိတယ်လို့ ICRC ရန်ကုန်ရုံး ဆက်သွယ်ရေး အရာရှိက ပြောပါတယ်။

“ရှိပါတယ်။ မြန်မာစစ်တပ်နဲ့က အပြန်အလှန်ဆက်ဆံမှုရှိပြီး ဒီအတွက် ဆွေးနွေးပြောဆို ထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် အခုအချိန် အထိတော့ ဒီလို သင်တန်းမျိုးတွေ စစ်တပ်နဲ့ မလုပ်နိုင်သေးပါဘူး။”

အိုင်စီအာစီအနေနဲ့က ၂၀၁၃ ခုနှစ် ဆန်းပိုင်းကစပြီး နိုင်ငံအဝှမ်းက အကျဉ်းထောင်တွေကို လှည့်ပတ် စစ်ဆေးတာတွေလုပ်ပြီး၊ အကျဉ်းထောင်တွင်းအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် အကျဉ်းဦးစီးဌာနနဲ့ ပူးတွဲဆောင်ရွက်မှုတွေလည်း ရှိနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနနဲ့တွဲပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာလုပ်ငန်းတွေမှာ လုပ်ဆောင်တာမျိုးတွေလည်းရှိပါတယ်။ အခု မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြီးအကဲတွေကို အခုလို သင်တန်းပေးဆောင်ရွက် တာမျိုးကတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ဒါဟာလည်း အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ ICRC ရန်ကုန်ရုံး ပြောခွင့်ရသူ Giuseppe Pogliariက ပြောပါတယ်။

“ဒါဟာ တကယ့်ကို အဓိကကျတဲ့ ခြေလှမ်းတရပ်ပါ။ ဒီလို အလားတူ ဆွေးနွေးပွဲမျိုးတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်။ အခုလို အာဏာပိုင်တွေဖက်က အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုတွေ ကိုကြည့်ရင် နောက်ထပ်ဒါမျိုးတွေ ထပ်လုပ်နိုင်ဖို့ အလားအလာကောင်းပါတယ်။”

မြန်မာနိုင်ငံတွင်း အရပ်ဖက်မငြိမ်သက်မှုတွေ ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က ကိုင်တွယ်ရာမှာ စနစ်မကျ သလို၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားတွေကို လေးစားလိုက်နာမှုမရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်အပါအဝင် လူ့အခွင့်အရေးအဖွဲ့ အတော်များများဝေဖန်ခဲ့ပါတယ်။

ဒါကြောင့် ပြောင်းလဲစပြုနေတဲ့ မြန်မာနိုင်ငံမှာ အရပ်ဖက် အုပ်ချုပ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်ရတဲ့ ရဲတပ်ဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ အကြံပြုချက်တွေလည်း ရှိခဲ့ပါတယ်။
XS
SM
MD
LG