သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ICRC အကူအညီ ပိုပေး


ရန်ကုန်မှာ ပြုလုပ်တဲ့ ICRC သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၂၄၊ ၂၀၁၄)
ရန်ကုန်မှာ ပြုလုပ်တဲ့ ICRC သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၂၄၊ ၂၀၁၄)
အိုင်စီအာစီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အသင်းအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ လာမယ့် ၂၀၁၄ ခုနှစ် အတွင်း ၂၄ သန်းအထိ တိုးချဲ့သုံးစွဲသွားမှာဖြစ်ပြီး၊ ပဋိပက္ခနေရာတွေက ဒုက္ခသည်တွေအတွက် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပိုပြီး အသုံးချသွားမယ်လို့ သိရပါတယ်။ တချိန်တည်းမှာ မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညှိုနှိုင်းမှုယူပြီး စစ်ပွဲတွေ အတွင်း ကျင့်ဝတ်ဥပဒေသတွေနဲ့ပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်သွားနိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်သွားတဲ့ အိုင်စီအာစီရဲ့ သတင်းစာရှင်းလင်းပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက အကြောင်းစုံ သတင်းပေးပို့ထားပါတယ်။

အိုင်စီအာစီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇သန်းကျော် သုံးစွဲခဲ့ပြီး ဒီနှစ်အတွင်းမှာတော့ ဒေါ်လာ ၂၄ သန်းအထိ တိုးမြင့် သုံးစွဲသွားမှာဖြစ်တယ်လို့ အိုင်စီအာစီ ရန်ကုန်ရုံး ဆက်သွယ်ညှိုနှိုင်းရေးမှုး Michael O'Brien က ပြောဆိုသွားတာပါ။ လုပ်ဆောင်မယ့် လုပ်ငန်းတွေအတွက် အာဏာပိုင်တွေနဲ့ ညှိုနှိုင်းထားပြီဖြစ်ပြီး အတည်ပြုချက်လည်း ရထားပြီလို့ဆိုပါတယ်။ လုပ်ငန်းတွေအတွက် အစိုးရနဲ့ညှိုနှိုှုင်းရတယ်ဆိုတာဟာ အိုင်စီအာစီရဲ့လွတ်လပ်မှုကို ထိခိုက်စေတဲ့သဘောမဟုတ်ပဲ၊ အိုင်စီအာစီအနေနဲ့ အာဏာပိုင်တွေနဲ့ အသိပေး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်လို့ M O'Brien က ပြောသွားပါတယ်။

" မြန်မာအစိုးရနဲ့ဆက်ဆံရေးပိုင်းမှာ အထူးကောင်းမွန်လာတယ်၊ အိုင်စီအာစီလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အရင်ဆုံး အစိုးရရဲ့ ခွင့်ပြုချက်ကို တောင်းခံပါတယ်။ ဒါပေမယ့် တောင်းခံခဲ့တဲ့လုပ်ငန်းအားလုံးကို အစိုးရက ခွင့်ပြုခဲ့ပါတယ်။ အထူးသဖြင့် ပြည်ထောင်စု အဆင့် ပြည်ထဲရေးဝန်ကြီးဌာန ကျန်းမာရေးဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး သဘောတူခွင့်ပြုချက် ရယူဆောင်ရွက်ပါတယ်။ "

အိုင်စီအာစီ ဥက္ကဌအနေနဲ့ ပြီးခဲ့တဲနှစ် ဇန်နဝါရီလတုန်းက မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာသမ္မတအပါအဝင် တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း၊ အိုင်စီအာစီ လုပ်ငန်းတွေကို တရားဝင် ပြန်စတင်ခဲ့တယ်လို့လည်း ပြောပါတယ်။ လက်ရှိအားဖြင့်ဆိုရင် စစ်တွေ၊ မြောက်ဦး၊ ဖားအံစတဲ့ ပဋိပက္ခရှိတဲ့ နယ်မြေတွေမှာ ရုံးခွဲတွေဖွင့်ထားပြီးဖြစ်သလို၊ ကချင်ပြည်နယ် မြစ်ကြီးနားမှာလည်း ဒီနှစ်အတွင်း ရုံးခွဲဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

မကြာခင်တုန်းကဖြစ်ခဲ့တဲ့ မောင်းတောအကြမ်းဖက်မှုနဲ့ဆက်နွယ်ပြီး အဲဒီကို သွားရောက်ကူညီဖို့ အစီအစဉ်ရှိမရှိ မေးမြန်းရာမှာတော့ အိုင်စီအာစီအနေနဲ့ လတ်တလောအားဖြင့် အစီအစဉ်မရှိသေးပဲ အခြားကူညီရေးအဖွဲ့တွေ သွားရောက်ကူညီနေတာကြောင့် လုပ်ငန်းတွေ မထပ်စေလိုဘူးလို့ ဆိုပါတယ်။

"အကြမ်းဖက်တွေဖြစ်တယ်ဆိုတဲ့ သတင်းတွေကြားသလို၊ ဒီကိစ္စ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှုတွေရှိတယ်ဆိုတာလည်း သိရပါတယ်။ အဖမ်းခံရထားသူတွေအပေါ်မှာ ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံဖို့ဆိုတဲ့အပေါ် တောင်းဆိုတာတွေလည်း သိရပါတယ်။ ဒီ့ထက်ပိုတော့ သိထားတာမရှိပါဘူး။ လတ်တလောမှာတော့ ရခိုင်ပြည်နယ်တွင်း စစ်တွေရုံးနဲ့ မြောက်ဦးရုံးတွေက လုပ်ငန်းတွေနဲ့ အလုပ်များနေတာကြောင့် မောင်းတောမှာ သွားရောက် လုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ "

ဒါပေမယ့်လည်း ဒီနှစ်အတွင်းမှာတော့ ရခိုင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ် ကရင်ပြည်နယ်က ပဋိပက္ခဖြစ်တဲ့နေရာတွေက ဒုက္ခသည်တွေ အတွက် ပြန်လည်ထူထောင်ရေး အကူအညီတွေကို တိုးမြင့်လုပ်သွားဖို့ ရှိတယ်လု့ိတော့ ပြောပါတယ်။ အိုင်စီအာစီအနေနဲ့ အကျဉ်းထောင်အတွင်း လွတ်လပ်စွာ စစ်ဆေးနိုင်ခွင့်နဲ့ပတ်သက်ပြီး ၂၀၀၅ ခုနှစ်အတွင်း တုန်းက မြန်မာအာဏာပိုင်တွေနဲ့ တင်းမာခဲ့လို့၊ ၂၀၀၇ ခုနှစ်မှာ လုပ်ငန်းတွေအားလုံး ရပ်တန့်ခဲ့ရပါတယ်။

အခုအကျဉ်းထောင်စစ်ဆေးမှုလုပ်ငန်းတွေ ပြန်စနေပြီး၊ သူတို့အနေနဲ့ သတ်မှတ်ထားတဲ့ အခြေခံအချက်တွေအတိုင်း မပြည့်ရင်တော့ ဒီ စစ်ဆေးမှုတွေကို လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် အကျဉ်းသားတွေနဲ့ တွေ့တဲ့အချိန်မှာ တဦးချင်းတွေ့ဆုံရာမှာ လွတ်လပ်မှုရှိဖို့နဲ့ အကျဉ်းထောင်အတွင်း သွားရောက်စစ်ဆေးရာမှာ အကျဉ်းထောင်ရဲ့ ဘယ်နေရာကိုမဆို သွားရောက်နိုင်ဖို့ဆိုတဲ့ အချက်တွေပါ။

လက်ရှိအားဖြင့်တော့ အကျဉ်းထောင်ကိစ္စတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဆွေနွေးညှိုနှိုင်းမှုတွေအပေါ်မှာ လျှို့ဝှက်ထားမှာဖြစ်ပြီး၊ ဒါဟာ အကြွင်းမဲ့တော့ မဟုတ်ဘူးလို့ M O'Brian က ပြောပါတယ်။

"အကျဉ်းထောင်အတွင်း ညှင်းပမ်းနှိပ်စက်မှုတွေရှိတယ်ဆိုတာတွေ့ရှိရရင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပါတယ်။ ဒီလို အကြိမ်ကြိမ် အကြောင်းကြားရက်နဲ့ ဆက်ဖြစ်နေတယ်ဆိုရင်တော့ ဒီကိစ္စမျိုးကို အများပြည်သူကို တရားဝင်ထုတ်ပြန်သတိပေးမှာဖြစ်ပါတယ်။ ''

အိုင်စီအာစီအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်းကတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျင့်ဝတ် ဥပဒေသဆိုင်ရာကိစ္စရပ်တွေမှာ အလုပ်ရုံဆွေးနွေးပွဲသဘော သင်တန်းတွေ ပြုလုပ်ခဲ့တာပါ။ ဒါမျိုးတွေကို မြန်မာစစ်တပ်နဲ့ရော လုပ်ဆောင်သွားဖို့ရှိသလားမေးတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သူတို့ ညှိုနှိုင်းထားတာတွေ ရှိတယ်လို့ M O'Brian က ဖြေပါတယ်။

" စစ်ပွဲတွင်းဆိုင်ရာ ကျင့်ဝတ်ဥပဒေသတွေနဲ့ပတ်သက်လို့ စစ်တပ်နဲ့အလုပ်ရုံဆွေးနွေးပွဲတွေလုပ်နိုင်ဖို့ ၂၀၁၃ ခုနှစ်ထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ စစ်တပ်အရာရှိတွေနဲ့ ဒီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ မျှော်လင့်ထားပါတယ်။ စစ်ပွဲတွေမှာ ဖြစ်နိုင်သမျှ အထိအခိုက် နည်းနိုင်သမျှ နည်းအောင်လို့ စစ်ပွဲဆိုင်ရာ ကျင့်ဝတ် ဥပဒေသတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ရော အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးသွားဖို့ရှိပါတယ်။ ""

အိုင်စီအာစီ လုပ်ငန်းတွေအပေါ် မြန်မာအာဏာပိုင်တွေဖက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုရှိတယ်လို့ ပြောပေမယ့်၊ အိုင်စီအာစီ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ညှိုနှိုင်းမှုကိစ္စတွေမှာ အိုင်စီအာစီ ရန်ကုန်ရုံးတာဝန်ရှိသူကတော့ အတော်လေး သတိထား မှတ်ချက်ပေးတာတော့ တွေ့ရပါတယ်။ အထူးသဖြင့်တော့ လူနည်းစုလူမျိုး ဒေသတွေက လုပ်ငန်းတွေနဲ့ပတ်သက်လို့၊ အာဏာပိုင်တွေရဲ့ ခွင့်ပြချက်ကိုတော့ စောင့်ယူရတဲ့ သဘောမှာရှိပါတယ်။

ကချင် ကေအိုင်အို ထိန်းချုပ်တဲ့ ဒေသက ဆေးရုံတွေကို အကူအညီပေးရာမှာ သမ္မတရုံးရဲ့ခွင့်ပြုချက်ကို ယူခဲ့ရတယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်က လူမျိုးရေးအဓိကရုဏ်းတွေကိစ္စမှာတော့ ပဋိပက္ခဖြစ်တဲ့ လူမှု အသိုင်းအဝိုင်းနှစ်ဖက်စလုံး အတွက် မျှမျှတတ အကူအညီပေးဆောင်ရွက် သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG