သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာနယ်စပ် မူဆယ် စစ်ဘေးရှောင်တွေရဲ့ နောက်ဆုံးအခြေအနေ


မူဆယ်မြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူများ (photo: Citizen Journalist)
မူဆယ်မြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူများ (photo: Citizen Journalist)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ရှောင်နေတဲ့ ပြည်သူ ၃၀၀ ကျော်ဟာ တနင်္လာနေ့က နေရပ်ပြန်ကြပြီ ဖြစ်ပါတယ်။ နေရပ်ပြန်သူတွေဟာ မူဆယ်မြို့နယ် တုမ်ခွမ်ရွာမှာ ရောက်ရှိနေသူတွေဖြစ်ပြီး နမ့်ခမ်းမြို့ကို တိမ်းရှောင်နေသူ ၂၀၀ကျော်ကတော့ နေရပ်မပြန်သေးပဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ်က စစ်ရှောင်တွေအခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မူဆယ်မြို့နယ် စယ်လန့်ရွာအနီးမှာ ဇူလိုင်လကစတင်ပြီး စစ်ကောင်စီတပ်နဲ့ TNLA တအန်းတပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာလ တတိယပတ်အတွင်းမှာတော့ ၃-၄ရက်ဆက်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် နမ့်ကတ်ကျေးရွာအုပ်စုရှိ ရွာ ၃ရွာက ပြည်သူ ၅၀၀ကျော်ဟာ မူဆယ်မြို့နယ် တုမ်ခွမ်ရွာနဲ့ နမ့်ခမ်းမြို့ကို တိမ်းရှောင်နေခဲ့ရပါတယ်။

ဒီလ ၃ရက်နေ့ကတော့ တုမ်ခွမ်ရွာမှာ စစ်ရှောင်နေသူ ၃၀၀ကျော်ဟာ နေထိုင်ဖို့ခက်ခဲတာနဲ့ အဖျားအနာများတာတွေကြောင့် အကုန်နေရပ်ပြန်ကြပြီဖြစ်ကြောင်း စစ်ရှောင် အမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

“ မနေ့ကပဲ ပြန်ကြတာဆရာ၊ တုမ်ခွမ်မှာတော့ အကုန်လုံး နေမကောင်းဖြစ်တော့ အကုန်ပြန်ဖြစ်တယ်။ မနေ့က။ အရင်က ၃၀၀ကျော်ပေါ့နော် သူတို့က တရက် ၃- ၄- ၅ယောက် ပြန်ပြန်ဖြစ်တော့ နောက်ဆုံး ၂၀၀ကျော်ကျော် ကျန်သေးတယ်။ အဲဒီ ၂၀၀ကျော်ကိုမှ မနေ့က အကုန်လုံးပြန်ဖြစ်တယ်။ အဲလိုမျိုးပေါ့ အိပ်မယ့်နေရာလည်း အခင်းတွေလည်း အဆင်မပြေကြ၊ ခြင်ထောင်လည်း အဆင်မပြေ၊ ရေလည်း အဆင်မပြေ အစုံပေါ့။ ”

ဇူလိုင်လကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ရတာ ၃ကြိမ်ရှိပြီဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

“ ဒါနဲ့ဆို ၃ကြိမ်ရှိပြီ။ အစပိုင်းတော့ အဖေနဲ့ အမေပေါ့နော်။ အဲလိုမျိုး သွားပို့တယ်။ ၂ရက်သွားနေတယ်။ အသံပြန်တိတ်တယ်။ ရွာပြန်လာတော့ အသံပြန်ဖြစ်တော့ ပြန်ပြေးတယ်။ အဖေတို့ အမေတို့ဆို ၄ခေါက်ရှိ သွားပြီ။ ညီမတို့ လင်မယား ၂ယောက်ကျတော့ ၃ခေါက်။ မူဆယ်တခေါက်ပေါ့နော်။ ပြီးတော့ ကောင်းတပ် တခေါက်။ ပြီးတော့ ဒီ တုမ်ခွမ်တခေါက်။ စစ်ပွဲစဖြစ်ကတည်းကပဲ ပြေးသွား ပြေးလာဖြစ်နေကြတာ။”

လောလောဆည်မှာတော့ မူဆယ်မြို့နယ် စယ်လန့်ရွာဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေတာ ရက်သတ္တပတ်ကျော်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့ နေရပ်ပြန်သူတွေကတော့ စိုးရိမ်စိတ်တွေ ရှိနေကြဆဲဖြစ်ကြောင်း ပြောပါတယ်။

စက်တင်ဘာလ ၁၈ရက်နေ့က တုမ်ခွမ်ရွာဘက်ကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်ပြည်သူ ၃၄၀ ကျော်ရှိပါတယ်။ အဓိက စစ်ရှောင်ကြတဲ့ ကျေးရွာတွေကတော့ မန်ကန်၊ နမ့်ကတ်နဲ့ မိုင်းဆတ်ရွာတွေက ဖြစ်ပြီး နမ့်ခမ်းမြို့ပေါ်မှာ စစ်ရှောင် ၂၀၀ကျော်လောက် ရှိနေဆဲဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ တဦးက ပြောပါတယ်။

“ နမ့်ခမ်းကတော့ မပြန်သေးဘူး။ ၁ရက်၊ ၂ရက်၊ ၃- ၄ ရက်လောက် စောင့်ကြည့်အုံးမယ်။ နမ့်ခမ်းမှာ ကောင်းတပ်မှာက ၁၅၆ ယောက်ရှိတယ်။ တအန်းခမ်းမ ၊ သာယာကုန်းမှာတော့ ၁၁၅ယောက်ရှိတယ်။ ၂၀၀ကျော်ရှိသေးတယ်။ ဒီ ကောင်းတပ်မှာကတော့ မန်ကန်က များတယ်ပေါ့လေ။ နမ့်ကတ်ကျတော့ ၁၀စု၊ ၁၅စုလောက်ပဲ ရှိတယ်။ မိသားစုပေါ့။ သာယာကုန်း တအန်းခမ်းမမှာကျတော့ မိုင်းဆတ် ရွာက ။”

စစ်ရှောင်ပြည်သူတွေဟာ မကြာခဏ စစ်ပြေးနေရတဲ့အတွက် မိသားစုစီးပွားရေးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်ဘဲ စားရေးသောက်ရေးအတွက် အခက်အခဲတွေ ရှိနေပြီး အချို့တွေဟာ တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ကြရကြောင်း ပြောပါတယ်။ စက်တင်ဘာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲ အကြိမ် ၄၀ ကျော် ဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မရှိပါဘူး။

XS
SM
MD
LG