သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IIMM ကုလစုံစမ်းရေးအဖွဲ့နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်မည့် အလားအလာမရှိ


၄၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံတင်ပြနေတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian
၄၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံတင်ပြနေတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian

၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ အပြင်းထန်ဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာဥပဒေနဲ့အညီ တရားရုံးတင် စစ်ဆေးမယ့် ဖြစ်စဉ်မှာ ကျူးလွန်သူတွေကို အရေးယူနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian က တနင်္လာနေ့က လူ့အခွင့်အရေးကောင်စီမှာ ပြောကြား ခဲ့ပါတယ်။

ဒီကနေ့ အင်္ဂါနေ့ မှာတော့ ယန္တရားအဖွဲ့ရဲ့ ပထမဆုံး တင်သွင်းထားတဲ့ အစီရင်ခံစာကို လူ့အခွင့်အ ရေး ကောင်စီမှာ ဆွေးနွေး ကြဖို့ရှိပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီယန္တရား အဖွဲ့ကို အရင်ကတည်းက အသိအမှတ်ပြုထား တာမဟုတ်တဲ့ အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို တုန့်ပြန်ခဲ့ပါတယ်။

မအင်ကြင်းနိုင်က အသေးစိတ် ဆက်လက်တင်ပြမှာပါ။

နိုင်ငံတကာရာဇဝတ်ခုံရုံး တရားစီရင်ရေးမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားတဲ့ အမေရိကန် ရှေ့နေ Nicholas Koumjian ကို IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် ၂၀၁၉ ခုနှစ် ဧပြီလမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတာယက်စ်က ခန့်အပ်ခဲ့တာပါ။ အခုဆိုရင် သူတို့ယန္တရားအဖွဲ့ လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီး စက်တင်ဘာလ (၆)ရက်နေ့ကတော့ FFM မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က နှစ်နှစ်ကြာ စုံစမ်းထားတဲ့ အချက်အလက်အားလုံးကို ရှေ့ဆက်ဆောင်ရွက်ဖို့ လွဲှပြောင်းယူခဲ့ပြီ ဖြစ်ကြောင်း Nicholas Koumjian က စက်တင်ဘာလ (၉)ရက်နေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း FFM ရဲ့တွေ့ရှိချက်နဲ့ ဒီလို အကြမ်းဖက် ရာဇဝတ်မှုကြီးတွေ သံသရာလည်နေတာကို အဆုံးသတ်စေရေး အကြံပြုချက်တွေကို အကောင်အထည်ဖေါ်ဖို့ လူ့အခွင့်အရေးကောင်စီရဲ့ ၂၀၁၈ခုနှစ် မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ IIMM ယန္တရား အဖွဲ့ဖွဲ့စည်းဖို့ ပါဝင်ခဲ့ပါတယ်။ ဒါကိုပဲ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း ဆက်လက်အတည်ပြု ဆုံးဖြတ်ခဲ့ပြီး ဘတ်ဂျက်ကုန်ကျငွေ သန်း (၆၀)ကျော် သုံးစွဲဖို့ ခွင့်ပြုခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ IIMM ယန္တရား အဖွဲ့ကို အရင်ကတည်းက အသိအမှတ်ပြုထား တာမဟုတ်တဲ့ အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့က အစကတည်းက FFM ကိုလည်း အသိအမှတ်မပြုဘူး၊ ထိုနည်းလည်းကောင်းပဲ။ FFM ကနေ ဆက်နွယ်ပြီးတော့ ပေါ်ပေါက်လာတဲ့ FFM လုပ်ငန်းကို ဆက်ဖို့အတွက် ဖွဲ့စည်းထားတဲ့ IIMM ကိုလည်း အသိအမှတ်မပြုဘူး။ အဲဒါပဲ လောလောဆည် ကျနော်ပြောလို့ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက ကျနော်တို့က ဒါကို အသိအမှတ်မပြုထားတဲ့အတွက် IIMM လုပ်ငန်းနဲ့ ပတ်သက်လို့လည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်စရာ အကြောင်းကတော့ မရှိပါဘူး။”

IIMM ယန္တရား အဖွဲ့အနေနဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ခဲ့တဲ့ ပြင်းထန်လှတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အရေးယူ စစ်ဆေးနိုင်ရေး အမှုတည်ဆောက်ရာမှာ အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ မနေ့က (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ Nicholas Koumjian ကအခုလိုပြောပါတယ်။

“လူမျိုးရေး၊ တိုင်းရင်းသားမျိုးနွယ်စု၊ နိုင်ငံသား၊ ဘာသာရေး ဒါမှမဟုတ် နိုင်ငံရေးအုပ်စုတွေ က မည်သူမဆို ရာဇဝတ်ကျူးလွန်သူမှန်သမျှ အရေးယူနိုင်ဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ ကြီးမားလှတဲ့ ရာဇဝတ်မှု တခုချင်းစီကို စုံစမ်းစစ်ဆေးဖို့ ကျနော်တို့မှာ လုံလောက်တဲ့ စွမ်းအား မရှိပေမဲ့ မြန်မာပြည်သူ မျိုးစုံ ထိခိုက်ခံစားမှုကို ကိုယ်စားပြုတဲ့ သင့်တော်ပြီး စိစစ်ရွေးချယ်ထားတဲ့ အမှုမျိုးတွေကို ကျနော်တို့က ရွေးချယ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။”

ရာဇဝတ်မှုတွေကို ကိုင်တွယ်စစ်ဆေးရမယ့် IIMM စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့အနေနဲ့ အလွန်သတိထား ဆောင်ရွက်ရမယ့် အခြေအနေကိုလည်း အခုလို ပြောပါတယ်။

“ယန္တရားအဖွဲ့ရဲ့ တာဝန်တွေဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံတင်ပြရမယ့် ကိစ္စ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နှိပ်စက်ခံရသူတွေကို သတင်းအချက်လက်တွေ တင်ပြရမယ့်ကိစ္စ တွေမှာ ကျနော်တို့ လုပ်ငန်းသဘာ၀ လိုအပ်ချက်ဖြစ်တဲ့ ယုံကြည်စိတ်ချမှုနဲ့ အချက်အလက်တွေ မပေါက်ကြားအောင် ထိန်းသိမ်းရမှု စတာတွေမှာ ကြိုးစား ထိန်းညှိဆောင်ရွက် မှာဖြစ်ပါတယ်။ လူအများ သိအောင် လုပ်ဆောင်ရမှာက လိုအပ်ချက်ဖြစ်ပေမယ့် ရာဇဝတ်မှုကိစ္စမှာ နည်းဗျူဟာတွေ၊ တိုးတက်မှု ဖြစ်စဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့်ပြောခြင်းအားဖြင့် စုံစမ်းမှုတွေကို အပေးအယူ လုပ်လာနိုင်ပါတယ်။”

ကြီးမားလှတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်လို့ အမှန်တရားကို ရှာဖွေဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံထဲ ဝင်ခွင့်ရဖို့ အလွန်အရေးပါတယ်လို့လည်း Nicholas Koumjian ကပြောပါတယ်။

“မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ ကျနော်အနေနဲ့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အဆင့်ရောက်အောင် ဆက်လက်ပြီး ချဉ်းကပ် လုပ်ဆောင်သွား မှာပါ။”

ဒါအပြင် ဒေသတွင်း အခြားနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေး ကြီးကြောင်းလည်း သူက အခုလိုပြောပါတယ်။

“အထောက်အထားတွေကို ပြောပြနိုင်တဲ့ မျက်မြင်သက်သေ အများအပြားဟာ လက်ရှိ သူတို့ နိုင်ငံ ပိုင်နက်အတွင်း ဒါမှမဟုတ် အရင်က နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ အစိုးရတွေရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ လျော်ကန်တဲ့ စိုးရိမ်မကင်းဖြစ်မှု တွေကို အလေးထားဖို့ အလွန်အရေးကြီးသလို ယန္တရားအဖွဲ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ မျက်မြင်သက်သေတွေနဲ့ မူရင်းဇစ်မြစ်တွေ အန္တရာယ် ထိခိုက်မှုမရှိစေရေး ပြုမူလုပ်ဆောင်မှာဖြစ်ပါတယ်။”

လာမယ့် လတွေအတွင်း ဒေသတွင်း သက်ဆိုင်ရာ နိုင်ငံတွေကို သွားရောက်ဖို့ရှိပြီး အစိုးရတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို၊ ညှင်းပမ်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ယန္တရားအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းပြမှာဖြစ်ပြီး သူတို့ရဲ့ အကြံပြုချက်တွေကိုလည်း နားထောင် မှာဖြစ်ကြောင်း Nicholas Koumjian ကပြောသွားပါတယ်။

Nicholas Koumjian ဟာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ကမ္ဘောဒီးယားဆိုင်ရာ အထူးတရားရုံး ရဲ့ နိုင်ငံတကာ တွဲဖက် ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဒီမတိုင်ခင် ICTY ယူဂိုဆလားဗီးယား နိုင်ငံဟောင်းဆိုင်ရာ နိုင်ငံတကာခုံရုံးမှာလည်း အမှုလိုက်ရှေ့နေ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါအပြင် Mr. Koumjian ဟာ အရှေ့တီမောမှာ ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးရေးမှာလည်း လက်ထောက် ရှေ့နေချုပ်အဖြစ်ထမ်းဆောင်ခဲ့သလို၊ ဘောစနီးယား နဲ့ ဟာဇီဂိုးဗီးနား ဆိုင်ရာ နိုင်ငံတကာတရားရုံးရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ ဌာနမှာ နိုင်ငံတကာရှေ့နေအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ နောက် Sierra Leone ဆိုင်ရာ အထူးတရားရုံးမှာလည်း Nicholas Koumjian ဟာ အဓိက အမှုလိုက်ရှေ့နေဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ အစိုးရရှေ့နေအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ မြောက်ကိုရိုလိုင်းနားတက္ကသိုလ်ကနေ ဥပဒေဆိုင်ရာ ဒေါက်တာဘွဲ့ရခဲ့ပြီး ကာလီဖိုးနီးယားပြည်နယ် UCLA တက္ကသိုလ်ကနေ Business Administration မာစတာဘွဲ့ရခဲ့တဲ့ Mr. Koumjian ဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေးလောကမှာ အတွေ့အကြုံအပြည့်အဝရှိသူလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG