သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IIMM ကုလစုံစမ်းရေးအဖွဲ့ကို ဒေါ်လာ ၁ သန်း အမေရိကန် ထောက်ပံ့မည် 


မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ IIMM ဝက်ဘ်ဆိုက်တ် (ဓာတ်ပုံ - iimm.un.org)
မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ IIMM ဝက်ဘ်ဆိုက်တ် (ဓာတ်ပုံ - iimm.un.org)

IIMM ကုလစုံစမ်းရေးအဖွဲ့ကို ဒေါ်လာ ၁ သန်း အမေရိကန် ထောက်ပံ့မည်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေအတွက် အမေရိကန်က နောက်ထပ် ဒေါ်လာ ၁ သန်းပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေစိုးမိုးရေး ဗျူရိုကတဆင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးအဖွဲ့ IIMM ကို ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

နှစ်ပတ်လည် အထွေထွေညီလာခံကျင်းပနေတဲ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ၊ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ Atlantic Council တို့ပူးတွဲပြီး “အကြမ်းဖက်တဲ့ ရာဇဝတ်မှုတွေမှာ ဒုက္ခရင်ဆိုင်ရသူတွေနဲ့ မျက်မြင်သက်သေတွေကို အကာအကွယ်ပေးရေး” ခေါင်းစဉ်နဲ့ သီးသန့်ပြုလုပ်တဲ့ အခန်းအနားအတွင်း နိုင်ငံတကာရာဇဝတ်မှု တရားမျှတရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Beth Van Schaack က မြန်မာစစ်တပ်ရဲ့အကြမ်းဖက် တိုက်ခိုက်မှု ကြုံခဲ့ရသူတွေနဲ့ မျက်မြင်သက်သေတွေအတွက် ကူညီထောက်ပံ့နိုင်ရေး အကူအညီပေးမယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပြီး၊ တခြားနိုင်ငံတကာ အစိုးရတွေ အနေနဲ့လည်း အလားတူ ကူညီထည့်ဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတွင်း ရာဇဝတ် ကျူးလွန်ခံရမှုမှာ ဒုက္ခရင်ဆိုင်ရသူတွေနဲ့ သက်သေတွေကို အကာအကွယ်ပေးဖို့ လိုကြောင်း၊ မြန်မာစစ်တပ်ဟာ နိုင်ငံရေးအမြင် မတူသူတွေကို ပစ်မှတ်ထားပြီး လက်စဖျောက်ပစ်တာ၊ ဥပဒေမဲ့ သတ်ဖြတ်တာ စတဲ့ အကြမ်းဖက် ရာဇဝတ်မှု ကျူးလွန် နေတာကို ကိုယ်တိုင်ခံရသူတွေနဲ့ မျက်မြင်တွေကသာ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ထောက်ပံ့နိုင်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်လာခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေဟာ သိပ်ပြီး အရေးအနက်ထား စဉ်းစားရမယ့်အမှုတွေဖြစ်ပြီး အဲဒီ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ IIMM ရဲ့လုပ်ပိုင်ခွင့်ဘောင်ထဲကနေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပိုမိုရရှိဖို့ စုဆောင်း နေချိန်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတွေနဲ့ မျက်မြင်တွေကို IIMM အဖွဲ့က အကာအကွယ်ပေးသွားဖို့ လိုတာကြောင့် အမေရိကန်က အခုလို ထောက်ပံ့ရတာ ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။ မြန်မာနိုင်ငံတလွှား လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို ကျူးလွန်ခဲ့သူတွေ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးနဲ့ ဒုက္ခရင်ဆိုင်ရသူတွေ တရားမျှတမှု ရရှိစေရေးအတွက် အမေရိကန်ပြည်ထောင်စုက တစိုက်မတ်မတ် ဆက်လက် ရပ်တည်နေမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဌာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

................................................


{{Zawgyi/Unicode}}




XS
SM
MD
LG