အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ် Aurora မြို့က Henry Pratt Company အလုပ်ခွင်မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ယောက်ထက်မနည်း သေဆုံးရတဲ့အကြောင်း ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြထားပါတယ်။ အရပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပေမယ့် သေနတ်သမားကို ရဲက ပစ်သတ်နိုင်ခဲ့တဲ့အတွက် အခုအချိန်မှာတော့ အန္တရာယ်မရှိတော့ပါဘူး။
သေနတ်သမားဟာ Henry Pratt Company ဝန်ထမ်း ဖြစ်ကြောင်း မျက်မြင်တွေ့လိုက်တဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ John Probst က ပြောဆိုခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ သေနတ်ပစ်ခတ်တိုက်ခိုက်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ။ လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဒီသေနတ်ပစ်ခတ်မှုသတင်းကို ဖလော်ရီဒါပြည်နယ် Palm Beach နေအိမ်မှာ ရောက်နေတဲ့ သမ္မတ Trump ဆီ အကြောင်းကြားထားပြီး အခြေအနေတည်ငြိမ်အောင် ဆောင်ရွက်နေမှုတွေကိုလည်း သတင်းပေးထားပါတယ်။