သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀၅ ကြိမ်မြောက် ILO အစည်းဝေး မြန်မာကိုယ်စားလှယ်တွေ တက်ရောက်


(Credit: ILO.org)
(Credit: ILO.org)

မြန်မာနိုင်ငံမှာ ကလေးစစ်သား ၈၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတာမို့ ဒီနှစ် ILO ညီလာခံမှာ မြန်မာနိုင်ငံအတွက် ကလေးစစ်သား ပြဿနာဟာ ရှေ့တန်းမှာ မရှိနေတော့ဘူးလို့ ညီလာခံ တက်ရောက်သူတွေက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁၀ ရက်နေ့အထိ ပြုလုပ်တဲ့ ၁၀၅ ကြိမ်မြောက် နိုင်ငံတကာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ညီလာခံကို တက်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ်တွေက မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအရေး ဘာတွေ တင်ပြဖို့ရှိတယ် ဆိုတာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်နေကြတဲ့ ILO ညီလာခံကို မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ ၃ ဖွဲ့စလုံးက တက်ရောက်ကြတယ်လို့ အလုပ်ရှင်များ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ ကုန်သည်- စက်မှုအသင်းချုပ်ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က ဗွီအိုအေကို ပြောပါတယ်။

“အလုပ်ရှင်ကိုယ်စားလှယ်ဘက်ကတော့ ကုန်သည်စက်မှုအသင်းချုပ် Employer Organization ကိုယ်စား ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ ကျနော်နဲ့အတူ မြောက်ဒဂုံစက်မှုဇုံက ဒုတိယဥက္ကဌ ဦးဇော်နိုင် ပါလာပါတယ်။ နောက်တခါ လုပ်ငန်းရှင်အားလုံးပေါ့ ၄ ဦး ပါလာပါတယ် စုစုပေါင်း။ အလုပ်သမားဘက်ကလည်း အလုပ်သမားသမဂ္ဂတွေဖြစ်တဲ့ CTUM က ဥက္ကဌ ဦးမောင်မောင် ဦးဆောင်ပြီးတော့ ကိုယ်စားလှယ်ပေါင်း ၈ ယောက်လောက် ပါလာပါတယ်။ အထူးသဖြင့် သင်္ဘောသား အလုပ်သမားသမဂ္ဂ ဦးစံသိန်းတို့ ပါလာတယ်လို့ သိရပါတယ်။ အစိုးရဘက်ကတော့ အခု လောလောဆယ်တော့ အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ဦးဆောင်တဲ့အဖွဲ့ ပါလာပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် တယောက်ပါလာပါတယ်။ နောက်ပြီးတော့ ဒီ ၁ ရက် ၂ ရက်နေရင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လိုက်လာမယ်လို့ သိရပါတယ်။”

ILO ညီလာခံတွေမှာ အရင်က ကလေးစစ်သားအရေး၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေအတွက် ထူူးခြားဖြစ်စဉ် တရပ်အနေနဲ့ အမြဲလိုလို ထည့်သွင်းဆွေးနွေးမှု ခံရလေ့ရှိတဲ့ မြန်မာနိုင်ငံက ဒီနှစ်မှာတော့ ကလေးစစ်သားအရေးဟာ ထိပ်တန်းတင်လောက်တဲ့ကိစ္စ မဟုတ်တော့ဘူးလို့ အလုပ်သမား ကိုယ်စားလှယ်အဖြစ် ဦးဆောင်တက်ရောက်လာတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။

“ကျနော်တို့ အရင်တုန်းက ရှိခဲ့တဲ့ အဓမ္မ လုပ်အားပေး ကလေးစစ်သားဆိုတာက အကုန်လုံးတော့ မပျောက်သေးပေမဲ့ ၈၀% လောက်တော့ ပျောက်သွားပြီလို့ ပြောလို့ရတယ်။ ဒါမှမဟုတ် အရင်တုန်းကလို ထူးခြားဖြစ်စဉ်အနေနဲ့ ဆွေးနွေးတဲ့အထဲမှာ မပါတော့ဘူး။ ကျနော်တို့ထက် ဆိုးတဲ့နိုင်ငံတွေ ရှိပါတယ်။ ဥပမာ - ဘင်္ဂလားဒေ့ရှ်ဆိုရင် Rana Plaza ပြိုတဲ့ကိစ္စ ဒီနောက်ပိုင်းမှာ ကလေးအလုပ်သမားတွေကိစ္စ၊ နောက်တခါ ဖိလစ်ပိုင်နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စ ဒီလို တခြားနိုင်ငံတွေ အရှေ့တောင်အာရှမှာဆိုရင် ကျနော်တို့ထက် ဆိုးတဲ့နိုင်ငံ ၂ နိုင်ငံလောက်ရှိနေတယ်။ ကမ္ဘောဒီးယားမှာဆိုရင် တန်းစီချီတက်တာကို သေနတ်နဲ့ပစ်သတ်တဲ့ကိစ္စ အဲဒါမျိုးတွေရှိနေတော့ ဒါတွေကို သူတို့ ဆွေးနွေးတော့ ကျနော်တို့က ဦးစားပေးအဆင့်မှာ မရှိတော့ဘူး။ ကျနော်တို့က နောက်မှာ ရောက်သွားပါပြီ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်တဲ့ အောင်မြင်မှုတွေ ရခဲ့တယ်လို့ ပြောပါတယ်။ ညီလာခံကို အတူတက်ရောက်လာတဲ့ အလုပ်သမားကိုယ်စားလှယ်တွေဟာ သီးခြား ဆွေးနွေးပွဲတွေကို တက်ရောက်နေကြတာ ဖြစ်ပါတယ်။ ညီလာခံမှာ နိုင်ငံတနိုင်ငံအတွက် အရေးကိစ္စတွေကို တင်ပြဖို့ အချိန် ၅ မိနစ် ပေးထားတာဖြစ်ပြီး၊ မြန်မာအလုပ်သမား ကိုယ်စားလှယ် အနေနဲ့ ကြာသပတေးနေ့ မနက်ပိုင်းမှာ တင်ပြခွင့်ရမယ်လို့ ပြောပါတယ်။

“ဗမာပြည်အနေနဲ့ကတော့ ဘာကို တင်ပြချင်သလဲဆိုတော့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ဆိုတဲ့ ကဏ္ဍရှိမယ်ဆိုရင် ဒါကို ရှိတယ်။ သို့သော်လည်း ကျနော်တို့ဆီမှာ သိတဲ့သူ နည်းနေသေးတယ်။ ဒါကြောင့်မို့လို့ ILO အနေနဲ့ မြန်မာပြည်မှာပေါ့နော် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ ပတ်သက်တဲ့ ဒီ စီမံချက်ကို လုပ်ဖို့ သင့်ပါတယ်ဆိုတဲ့အကြောင်း ကျနော် တင်ပြမှာပါ။”

နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လူနေမှုဘဝနဲ့ သမိုင်းကြောင်း အခြေနေတွေ ကွာခြားမှု ရှိနေတာမို့ နိုင်ငံတကာစံနှုန်းနဲ့ သွားတဲ့အခါမှာ ILO အနေနဲ့ စံနှုန်းအတိုင်း အတင်းအကြပ် မလုပ်ခိုင်းဖို့ ပြောမယ့်သူကတော့ ဇွန် ၇ ရက်နေ့မှာ တင်ပြခွင့်ရမယ့် မြန်မာနိုင်ငံက အလုပ်ရှင်ကိုယ်စားလှယ် ဦးအေးလွင်ပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ မကြာခင်နှစ်တွေအတွင်း ကြုံခဲ့ရတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာမှာ သုံးပွင့်ဆိုင် မဖြစ်ခဲ့တဲ့ ပြဿနာနဲ့အတူ အစိုးရရဲ့ တာဝန်ခံ တာဝန်ယူမှုတွေနဲ့ မူဝါဒတွေရဲ့ အရေးပါမှုကိုလည်း တင်ပြဖို့ ရှိတယ်လို့ ပြောပါတယ်။

“ကျနော်ပြောမယ့် အချက်အလက်တွေထဲမှာတော့ အလုပ်ခွင်သာယာရေးပေါ့နော် အဓိကထားပြီး ပြောပါမယ်။ အလုပ်ခွင်သာယာရေး လုပ်တဲ့အခါမှာ အလုပ်ရှင်ကလည်း သူ့ရဲ့လုပ်ငန်းတွေ အောင်မြင်အောင်လို့ လုပ်ဖို့လိုသလို အလုပ်သမားတွေရဲ့ စားဝတ်နေရေးကိုလည်း အလုပ်သမားတွေရဲ့ လုပ်ခလစာကို ပြေလည်အောင်ပေးဖို့အတွက် စဉ်းစားပေးဖို့ လိုပါတယ်။ အဲဒီမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲမှာ အစိုးရဆိုတဲ့ အဖွဲ့အစည်းရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုက ပိုအရေးကြီးပါတယ်။ အစိုးရကနေပြီးတော့ ဥပဒေအရ လုပ်လို့မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်လာတဲ့အခါမှာ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲကနေ အလုပ်ရှင် အလုပ်သမား ၂ ဘက်ပဲ ဆွေးနွေးတော့မယ်ဆိုပြီးတော့ စိန်ခေါ်ပြီးတော့ ဆွေးနွေးညှိနှိုင်းနေရတဲ့ အနေအထားရှိပါတယ်။ အစိုးရဥပဒေတွေက ပိုပြီးတော့ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ILO ကလည်း ဝင်ရောက်ပြီးတော့ နိုင်ငံတကာမှာရှိတဲ့ အလုပ်ရှင် အလုပ်သမား အရိပ်အခြေအနေကို ဝင်ရောက်ပြီးတော့ ပါဝင် ပတ်သက်တဲ့အခါမှာ ILO စံနှုန်းတွေနဲ့ မြန်မာနိုင်ငံ စံနှုန်းတွေ တူတာရှိသလို၊ မတူတာရှိတယ်။ Traditional Life Style တွေ ကွာခြားတဲ့အတွက် နိုင်ငံတကာစံနှုန်းနဲ့ သွားတဲ့အခါမှာ ILO က နိုင်ငံတိုင်းကို အတင်းအဓမ္မ ဒီလိုလုပ်ရမယ်လို့ ပြောလို့မရဘူးဆိုတဲ့အကြောင်းကိုတော့ ရန်ကုန်က ILO ကိုယ်စားလှယ်ကိုလည်း တနေ့က ပြောခဲ့ပါတယ်။ ကျနော် ပြောရမယ့်နေ့မှာလည်း အဲဒါတွေ ထည့်ပြောမှာပါ။”

ဒီနှစ်အတွက် ILO ညီလာခံရဲ့ ဦးတည်ချက်က Global Decent Work ဖြစ်ပါတယ်။ ညီလာခံ တက်ရောက်လာသူတွေ ဆွေးနွေးတဲ့ အကြောင်းရာက အစုံဖြစ်ပြီး Global Decent Work လို့ခေါ်တဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ စဉ်ဆက်မပြတ် ကောင်းမွန်စေဖို့ လိုအပ်တဲ့ အချက်တွေ၊ လူမှုအခွင့်အရေး မဆုံးရှုံးအောင် ကာကွယ်ပေးမယ့် အချက်တွေ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အချက်တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG