သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ မှာ မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှု ပပျောက်ရေး ဖြစ်နိုင်ဖွယ်ရှိ


မြန်မာနိုင်ငံ ဆက်ဆံရေးအရာရှိ Steve Marshall (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံ ဆက်ဆံရေးအရာရှိ Steve Marshall (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေမှု ပုံသဏ္ဍာန်အမျိုးမျိုး ပပျောက်အောင် လုပ်ဆောင်ရေးဟာ မလွယ်ကူပေမဲ့ ဖြစ်နိုင်ခြေရှိပါတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး အရာရှိက ပြောလိုက်ပါတယ်။ မြန်မာအစိုးရနဲ့ ILO အဖွဲ့အကြား ဆက်ဆံရေးဟာ အခုအခါမှာ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေး ရှိနေပါပြီလို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့ ILO ဆက်ဆံရေးရုံးမှာ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးအရာရှိ စတိဗ် မာရှဲလ် (Steve Marshall) ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တာတွေကိုတော့ ကိုယ်တိုင်သွားတက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့က ILO ဆက်ဆံရေးရုံးမှာ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ဆက်ဆံရေးအရာရှိ စတိဗ် မာရှဲလ် က လုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ကျင်းပခဲ့တဲ့ နိုင်ငံတကာ အလုပ်သမားရေးရာ ညီလာခံ ILC ရဲ့ရလဒ်တွေ၊ ILO နဲ့ အစိုးရအဖွဲ့အကြား၊ မိတ်ဘက် လူမှုအဖွဲ့အစည်းတွေအကြား ဆက်ဆံရေးအခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးတဲ့အနေနဲ့ ILO က လက်ရှိမှာ လုပ်ဆောင်နေတာတွေနဲ့ အစီအစဉ်တွေကို စတိဗ် မာရှဲလ်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ILC ရဲ့ ရလဒ်တစ်ခုဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှု ပုံသဏ္ဌာန်အားလုံး ချုပ်ငြိမ်းစေဖို့ မြန်မာအစိုးရက လုပ်ဆောင်ရမယ်ဆိုတာဟာ ဖြစ်နိုင်ခြေရှိပါတယ်လို့ မစ္စတာမာရှဲလ်က ပြောပါတယ်။

"အဲဒါဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်ထင်ပါတယ်။ လွယ်တော့မလွယ်ပါဘူး။ အစိုးရဘက်မှာရော၊ ကျနော်တို့ဘက်မှာပါ ခိုင်မာတဲ့ သန္ဓိဋ္ဌာန်ရှိဖို့ လိုပါတယ်။ အားလုံးကို အမြစ်ပြတ် ချုပ်ငြိမ်းသွားအောင် လုပ်လို့မရဘူးဆိုတာကို သတိထားဖို့တော့ အရေးကြီးပါတယ်။ အခြေခံအားဖြင့် မြန်မာနိုင်ငံမှာ ကျနော်တို့လုပ်ဖို့လိုတာက တိုင်းပြည်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင်လုပ်ဖို့ပါ။ အဓမ္မအလုပ်ခိုင်းစေမှုနဲ့ ပတ်သက်ရင် ကျနော်တို့မှာ စနစ်တကျ၊ အဖွဲ့အစည်းနဲ့ကို အဓမ္မအလုပ်ခိုင်းစေတာမျိုး ရှိမနေပါဘူး။ ဒါပေမဲ့ ဖြစ်နေတာကတော့ နယူးယောက်လို မြို့မျိုးမှာတောင် အတင်းအဓမ္မ အလုပ်ခိုင်းစေတာ အနည်းအကျဉ်းကို ဟိုမှာ ဒီမှာ တွေ့ရမှာပါပဲ။ အဲဒါက နေရာ တိုင်းမှာဖြစ်နေတာပါ။ အများကြီးဖြစ်မနေတာတစ်ခုပါပဲ။ ဒါကြောင့် ကျနော်တို့ လုပ်ဖို့လိုတာက တိုင်းပြည်ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့ဖြစ်ပြီး အဲဒါဟာ ဖြစ်နိုင်ပါတယ်။" လို့ မစ္စတာမာရှဲလ်က ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းဖို့ ILC ညီလာခံကဆုံးဖြတ်ခဲ့သလို မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိနေတာကို အသိအမှတ်ပြုပြီး အဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်ရေးအတွက် မြန်မာနိုင်ငံကို ရန်ပုံငွေ အထောက်အပံ့ပေးကြဖို့ ILO အဖွဲ့ဝင်နိုင်ငံတွေကို ညီလာခံက နှိုးဆော်ခဲ့ပါတယ်။

ဟိုးအရင် ကာလတွေကဆိုရင် ILO နဲ့ မြန်မာအစိုးရကြား ဆက်ဆံရေးဟာ ခက်ခဲပြီး တင်းမာတဲ့အခြေအနေမှာ ရှိခဲ့ပေမဲ့ အခု တော့ အများကြီးတိုးတက်လာနေပြီလို့ စတိဗ် မာရှဲလ်က ပြောပါတယ်။

"ဆက်ဆံရေးဟာ အပေါင်းလက္ခဏာဆောင်နေပြီ လို့ ကျနော်ထင်ပါတယ်။ ဒါဟာ လေးစားသမှုရှိတဲ့ပေါ်မှာ အခြေခံတယ်လို့ ကျနော်ထင်ပါတယ်။ ILO ဟာ ခိုင်မာတဲ့ ရပ်တည်ချက် မူဝါဒတွေ ရှိတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်ဆိုတာကို အစိုးရက နားလည်တယ်လို့ ကျနော်ထင်ပါတယ်။ အကောင်းတစ်ခုခုဖြစ် တယ်ဆိုရင် အဲဒီအတွက် ကျနော်တို့က ချီးကျူးမှာဖြစ်ပြီး မကောင်းတာတစ်ခုခု ဖြစ်တယ်ဆိုရင်လည်း ကျနော်တို့ရဲ့ မူဝါဒကို အလျှော့ပေးမှာ မဟုတ်ပါဘူး။ အဲဒီလို ချဉ်းကပ်မှုကြောင့် လေးစားမှုခံရပြီးတော့ အတူတကွ လုပ်ဆောင်နိုင်တာ ဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။" ဆိုပြီး မစ္စတာမာရှဲလ်က ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို ဖြစ်စေတဲ့ မောင်းနှင်အားဖြစ်တယ်လို့ ILO ဆက်ဆံရေးအရာရှိက ထောက်ပြခဲ့သလို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို တပ်ဖွဲ့ဝင်တွေအဖြစ် စုဆောင်းတဲ့ကိစ္စဟာ အစိုးရစစ်တပ်အတွက်ရော လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်ပါ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲပဲလို့ ထောက်ပြပါတယ်။ ဒါပေမဲ့လည်း ကလေး စစ်သားရှိနေတယ်ဆိုတာကို တပ်မတော်က အသိအမှတ်ပြုလာတာကိုက အများကြီး ကောင်းမွန်တဲ့အချက်ဖြစ်တယ်လို့ အသိအမှတ်ပြု ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ILO မြန်မာရုံးရဲ့ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေထဲမှာ အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေး လုပ်ငန်းအစီအစဉ်အတွက် အစိုးရနဲ့ ILO အကြား နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ကိစ္စ၊ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အရေးပါလှတဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကိုအာမခံတဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ခဲ့တဲ့ကိစ္စတွေ အပြင် ကလေးစစ်သား ပပျောက်ရေး လုပ်ဆောင်တဲ့နေရာမှာ အောင်မြင်မှုရခဲ့တာကို နမူနာလေးတစ်ခုပေးပြီး ပြောခဲ့ပါတယ်။

"ကျနော်တို့ရုံးကို မိခင်တစ်ဦး ရောက်လာပါတယ်။ ပြီးတော့ စစ်သားစုဆောင်းရေး တပ်ကိုသွားပြီး ကျမသားကို သွားတွေ့တာမှာ သူတို့က ကျမသားကို ပြန်ပေးလိုက်တယ်လို့ ပြောပါတယ်။ အဲဒါဟာ အဲဒီမိခင်အတွက်နဲ့ သူ့ကလေးအတွက် ကြီးမားတဲ့ အောင်မြင်မှုပါ။ ဒါ့အပြင် နိုင်ငံသားတွေနဲ့ အာဏာပိုင်တွေအကြားမှာ ဆက်ဆံရေးအသစ် ရလာဖို့အတွက် အခြေအနေအမျိုးမျိုးနဲ့ လုပ်ဆောင်နိုင်စွမ်းအမျိုးမျိုး ရှိလာနေတဲ့ တိုင်းပြည်တစ်ခုအနေနဲ့ ပြောမယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခုလည်း ဖြစ်ပါ တယ်။" လို့ မစ္စတာ မာရှဲလ်က ပြောပါတယ်။

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ဥပဒေကို ၂၀၁၂ ခုနှစ် ဧပြီလမှာ ပြဌာန်းပြီးတဲ့နောက် အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့အစည်း အမျိုးမျိုး ၆၃၀ ကျော် ပေါ်ထွက်လာခဲ့တာကိုလည်း သူက ကိန်းဂဏန်းတွေနဲ့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက မြေယာသိမ်းဆည်းတဲ့ကိစ္စတွေဟာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိသူနည်းလှပြီး အဲဒီအတွက် တရားမျှတမှုရှိတဲ့ ပုံသဏ္ဌာန်တစ်ခုပေါ်လာအောင် ILO အနေနဲ့ အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အထူးစီးပွားရေးဇုံတွေနဲ့ စီမံကိန်းကြီးတွေဟာ အဲဒီဒေသပတ်ဝန်းကျင်မှာ နေထိုင်ကြသူတွေအတွက် အကျိုးကျေးဇူး ခံစားရရေး၊ အမျိုးသားအလုပ်သမားဥပဒေသစ်ဟာ နိုင်ငံတကာအဆင့်မီရေးတွေကိုလည်း ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံ ရေးရုံးက ဆက်ဆံရေးအရာရှိ စတိဗ် မာရှဲလ်က ထောက်ပြပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG