သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF ရဲ့ မြန်မာ့စီးပွားရေး ခန့်မှန်းချက်


ကမ္ဘာတ၀ှမ်း စီးပွားရေး အရှိန်အဟုန် အကောင်းဆုံးဖြစ်နေတဲ့ အာရှဒေသမှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုတွေဟာလည်း ဆက်လက် အားကောင်းလာမယ့် အလားအလာတွေ တွေ့မြင်နေရတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ သက်တမ်းနုသေးတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ တည်ငြိမ်အောင် ဆောင်ရွက်နိုင်မှ ဖွံ့ဖြိုးမှု အရှိန်တွေကို ထိန်းနိုင်လိမ့်မယ်လို့လည်း သတိပေးခဲ့တာပါ။ IMF ရဲ့ မြန်မာ့စီးပွားရေးအပေါ် ဆန်းစစ်ချက်ကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အပါအ၀င် အာရှ-ပစိဖိတ် ဒေသဟာ ကမ္ဘာ့စီးပွားရေးမှာ အရှိန်အဟုန် အကောင်းဆုံး ဒေသအဖြစ် ဆက်ထိန်း ထားနိုင်လိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားပါတယ်။ အထူးသဖြင့်ကတော့ စီးပွားရေး အင်အားကြီး နိုင်ငံတွေက ပြန်လည်နာလန်ထူလာတဲ့ အခြေအနေတွေကြောင့် ငွေပင်ငွေရင်းတွေ ၀င်ရောက်လာမှာကို ဒေသတွင်းက အဆင်သင့်အနေအထားမှာ ရှိနေတယ်လို့လည်း IMF က ဆန်းစစ်ထားတာပါ။ ပြင်ပကနေ ရိုက်ခတ်လာနိုင်တဲ့ အန္တာရာယ်တွေ ရှိနေတယ်လို့ အစောပိုင်းမှာတုန်းက တွက်ထားပေမဲ့ အခုအခါ စိုးရိမ်စရာတွေ လျော့ပါးလာတာကလည်း သတင်းကောင်းလို့ ဆိုပါတယ်။ အလားအလာကောင်းတွေ တွေ့မြင်နေရတဲ့ အထဲမှာ ဆိုရင်လည်း စီးပွားရေးအတွက် အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ရေခံမြေခံကောင်းတွေကြောင့် အာရှနိုင်ငံတွေဟာ တခြားဒေသတွေထက် ပိုပြီးတော့ ဖွံ့ဖြိုးမယ့် အခြေအနေတွေကို တွေ့ရတယ်လို့လည်း ပြောဆိုထားတာပါ။
IMF အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး Changyong Rhee
IMF အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး Changyong Rhee

ဒီအထဲမှာ မကြာသေးခင် နှစ်တွေကစလို့ အပြောင်းအလဲတွေ လုပ်လာခဲ့တဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း စီးပွားရေး အကျိုးကျေးဇူး ခံစားရမယ့် အလားအလာတွေကို တွေ့မြင်နေရတယ်လို့ ပြောပါတယ်။ IMF ရဲ့ အာရှနဲ့ ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး Changyong Rhee ကတော့ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေရဲ့ တွန်းအားကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၇.၈% အထိ တိုးလာနိုင်တယ်လို့လည်း ၀ါရှင်တန်မှာ ကျင်းပခဲ့တဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားခဲ့တာပါ။
“မနှစ်တုန်းက ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုံးဝမပြတ်သေးတာကြောင့်လည်း ရင်းနှီးမြှုပ်နှံသူ တော်တော်များများက ၀င်ခွင့်ရဖို့ အချက်ပေးမယ့် အချိန်ကို စောင့်နေခဲ့ရတာပါ။ ဒါကြောင့်လည်း ငွေပင်းငွေရင်းတွေ ထပ်ဝင်လာတာ၊ ပြည်ကပ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာတွေရဲ့ ရောင်ပြန်ဟပ်မှုအဖြစ် တိုးတက်မှု ပမာဏကို ၇.၈% လို့ ခန့်မှန်းထားတာပါ။”

အာရှမှာတော့ စီးပွားရေး အင်အားအကြီးဆုံးနဲ့ ကမ္ဘာမှာ အမေရိကန် ပြည်ထောင်စုပြီးရင် ဒုတိယနေရာမှာ ရှိနေတဲ့ တရုတ်နိုင်ငံကတော့ တိုးတက်မှုတွေ နှေးကွေးလာရာမှာ မနှစ်တုန်းက ဖွံ့ဖြိုးမှုပမာဏ ၇.၇% ရှိနေရာက ဒီနှစ်မှာတော့ ၇.၅% ကို လျော့ကျ သွားနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။ ဒါဟာဆိုရင် တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးမှုနှုန်း ခန့်မှန်းချက် ၇.၈% အထိ ရှိနေတဲ့ မြန်မာနိုင်ငံထက်တောင် လျော့နည်းမှာလည်း ဖြစ်ပါတယ်။
မြန်မာ့စီးပွားရေး IMF ခန့်မှန်းချက်
please wait

No media source currently available

0:00 0:03:53 0:00
တိုက်ရိုက် လင့်ခ်

ဒီလိုစီးပွားရေး အတောင့်တင်းဆုံး တရုတ်နိုင်ငံကိုတောင် ကျော်တက်နိုင်တဲ့အထိ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ အားကောင်း လာနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့လည်း ၀င်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျကျနန ကိုင်တွယ်နိုင်မှသာ ရေရှည် အကျိုးကျေးဇူး ခံစားရလိမ့်မယ်လို့လည်း IMF အရာရှိ Changyong Rhee က သတိပေးခဲ့တာပါ။
“ဖွံ့ဖြိုးမှုနှုန်းက တကယ်တော့ ပြဿနာ မဟုတ်ဘူးလို့ ထင်ပါတယ်။ လှိမ့်ဝင်လာတဲ့ ငွေပင်ငွေရင်းတွေကို အမြှော်အမြင်ရှိရှိ ကိုင်တွယ် အသုံးချတတ်ဖို့၊ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ တိုးတက်အောင် လုပ်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ အိမ်မြေလုပ်ငန်းမှာ တိုးတက်တာမျိုးလို ဖွံ့ဖြိုးစ ကာလတွေမှာ အာရှနိုင်ငံ တော်တော်များများ ကြုံရလေ့ရှိတဲ့ အမှားမျိုး မလုပ်မိဖို့ လိုပါတယ်။ ဥပမာ အရင်းအနှီးတွေ ၀င်လာလို့ အိမ်မြေဈေးတွေ ထိုးတက်ပြီး ၀င်ငွေမမျှတတာမျိုး ဖြစ်တတ်ပါတယ်။ ၀င်လာတဲ့ အရင်းအနှီးတွေကို အားလုံး ခံစားနိုင်အောင် လုပ်ဖို့က နိုင်ငံတော်အဆင့် စီးပွားရေး စီမံခန့်ခွဲမှုလိုပဲ အရေးကြီးပါတယ်။”

အာရှရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ပျမ်းမျှ ၅.၂% ရှိနေရာက ဒီနှစ်မှာ ၅.၄% နဲ့ ရှေ့နှစ် ၂၀၁၅ မှာ ၅.၅% အထိ ရှိမယ်လို့လည်း IMF က ခန့်မှန်းထားတာပါ။ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာလည်း ဒီနှစ်မှာ ၅% တ၀ိုက်လောက်နဲ့ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ကြုံနေရတဲ့ ထိုင်းနိုင်ငံကတော့ ၂.၅% လောက်အထိ ကျဆင်းသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ စီးပွားရေးအရ ပွင့်လင်းလာစ တိုင်းပြည်တခုအဖြစ် IMF က ရှုမြင်ထားတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း ဖွံ့ဖြိုးမှု အလားအလာတွေကို တွေ့မြင်နေရတဲ့ တချိန်တည်းမှာပဲ စိန်ခေါ်မှုတွေလည်း ရှိနေဆဲပဲလို့ ပြောဆိုထားတာပါ။

ဧပြီလထဲမှာပဲ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ၇.၈% အထိ တိုးတက် လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တချိန်တည်းမှာပဲ ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အမှားမခံနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတုန်းပဲလို့ သတိပေးထားတာပါ။

IMF ရဲ့ အာရှနဲ့ ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး Changyong Rhee ကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင် အချိန်အထိ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ၊ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးမသတ် နိုင်သေးတာတွေဟာလည်း တိုးတက်မှုတွေကို ရိုက်ခတ်လာနိုင်တဲ့ အန္တာရာယ်တွေ ဖြစ်တာကြောင့် အစိုးရအနေနဲ့ ကျကျနန ဖြေရှင်းသွားဖို့ လိုမယ်လို့ ပြောပါတယ်။
“တိုင်းရင်းသားတွေနဲ့ ကိစ္စမှာ မရေမရာ အခြေအနေတွေ ရှိနေတယ် ဆိုပေမဲ့လည်း အစိုးရအနေနဲ့ အမျှော်အမြင်ရှိရှိ ကိုင်တွယ် နိုင်လိမ့်မယ်လို့ ကျနော်တို့ အနေနဲ့ မျှော်လင့်ပါတယ်။ ကျနော်ပြောခဲ့သလိုပါပဲ၊ ရေရှည် တိုးတက်ဖို့အတွက်ဆိုရင် ဖွံ့ဖြိုးမှုတွေဟာ ဒေသန္တရ အဆင့်နဲ့ တိုင်းရင်းသားတွေပါ အားလုံးခံစားခွင့်ရှိအောင် လုပ်နိုင်ဖို့က အင်မတန် အရေးကြီးပါတယ်။ အထူးသဖြင့် ၀င်ငွေ မညီမျှမှုတွေက ရေရှည်ဖွံ့ဖြိုးမှုတွေအပေါ် ရိုက်ခတ်နိုင်တာတွေနဲ့ ပတ်သက်လို့ ဒီနှစ်မှာ IMF က အသေအချာ လေ့လာထားပြီး မမျှမတ အခြေအနေတွေ သိပ်ကြီးမားလာရင် ရေရှည်တိုးတက်မှုရအောင် ကြိုးပမ်းရာမှာ အနှုတ်လက္ခဏာ ဖြစ်လာနိုင်တာကိုလည်း လက်ခံထားကြပါတယ်။”
IMF World Economic Outlook
IMF World Economic Outlook

ကမ္ဘာ့စီးပွားရေး တခုလုံးရဲ့ ဖွံ့ဖြိုးမှုနှုန်းကတော့ ဒီနှစ်မှာ ပျမ်းမျှ ၃.၆% ရှိနေရာကနေ ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာတော့ ၃.၉% အထိ တိုးလာနိုင်သလို၊ ကမ္ဘာမှာ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုကတော့ အကျပ်အတည်းတွေကနေ ပြန်လည်နာလန်ထူလာရာက ဒီနှစ်မှာ ဖွံ့ဖြိုးမှုနှုန်း ၂.၈% နဲ့ ရှေ့နှစ်မှာတော့ ၃% အထိ တိုးလာနိုင်တယ်လို့လည်း IMF က ခန့်မှန်းထားပါတယ်။ အာရှဒေသအနေနဲ့ကတော့ စီးပွားရေး အရှိန်အဟုန်တွေ အားကောင်းနေတယ် ဆိုပေမဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရချိန်မှာ အစိုးရတွေ အနေနဲ့ ငွေကြေးစိုက်ထုတ် သုံးစွဲပြီး ကျားကန် ပေးခဲ့ရတာတွေကြောင့် ဘဏ္ဍာရေးအရ အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေမှာပဲ ရှိနေဦးမယ်လို့လည်း သုံးသပ်ထားတာပါ။ ဒီအတွက် စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ထိန်းနိုင်ဖို့အတွက် သာမက အစိုးရတွေအနေနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ၊ ဘဏ္ဍာရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရမယ့် ကိစ္စတွေကိုလည်း မျက်ခြေအပြတ်ခံလို့ မရဘူးလို့လည်း IMF က သတိပေးထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG