သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဂိတ်ဆောက်လုပ်ရေး အိန္ဒိယအစီအစဉ် တမူးမြို့ခံတွေ ကန့်ကွက်


အိန္ဒိယ-မြန်မာနယ်စပ်
အိန္ဒိယ-မြန်မာနယ်စပ်
အငြင်းပွားနေတဲ့ အိန္ဒိယ-မြန်မာနယ်စပ် မှတ်တိုင်အနီးမှာ အိန္ဒိယနိုင်ငံဘက်က စစ်ဆေးရေးဂိတ် တည်ဆောက်ဖို့ ပြင်ဆင်နေတာကို ကန့်ကွက်တဲ့အနေနဲ့ တမူးမြို့မှာ ထောင်နဲ့ချီတဲ့လူထုက ဒီကနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မြန်မာပိုင်နယ်နမိတ် ကျူးကျော်တာ ရပ်ဆိုင်းဖို့နဲ့ အပြည်ပြည်ဆိုင်ရာ နယ်နမိတ်ဥပဒေ လေးစားလိုက်နာဖို့ကို အဓိက တောင်းဆိုခဲ့ကြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

(ကြွေးကြော်သံများ)

အခုကြားလိုက်ရတာကတော့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်အမှတ်၂ နန့်ဖာလုံဈေးကနေ တမူးမြို့အထိ ချီတက်ဆန္ဒပြနေတဲ့ တမူးဒေသခံတွေရဲ့ အသံတွေဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ မြန်မာဘက်က ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက အငြင်းပွားနေတဲ့ နေရာမှာ အိန္ဒိယဘက်က စစ်ဆေးရေးဂိတ်တခု တည်ဆောက်ဖို့ ပြင်ဆင်လာတာကြောင့် ဆန့်ကျင်ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးက ပြောပါတယ်။

“သူတို့ကလေ ကျနော်တို့ နယ်ခြားမှတ်တိုင် စိုက်ထားတဲ့နေရာကို ကျော်ပြီးမှ မြေတွေဘာတွေကို ထိုးတာမျိုး ဖြစ်လာတာပေါ့နော်။ သူတို့အဆောက်အဦး ဆောက်ဖို့အတွက် မြေနေရာတွေဘာတွေ။ အိန္ဒိယအစိုးရက ဆောက်တာဗျ၊ ဗဟိုကနေ သူတို့က ခိုင်းတယ်ဆိုပြီးတော့မှ ကျနော်တို့ တမူးက ဌာနဆိုင်ရာတွေက တားတဲ့အခါမှာ တားလို့မရဘူးပေါ့ဗျာ။ ဗဟိုကနေခိုင်းတာ ဒါက ဗဟိုကိုပဲ ပြောပါဆိုပြီးတော့မှ သူတို့က ပြောတယ်။ အဲဒီတော့ ကျနော်တို့ ပြည်သူတွေက ဒါကို မကျေနပ်တာပေါ့ဗျာ။ အိန္ဒိယအစိုးရကို ပြရင်းနဲ့ မြန်မာအစိုးရကိုလည်း အသိပေးလိုက်တဲ့ သဘောပဲ။ လူအင်အားက တစ်ထောင်ကျော်တယ်။”

ဒီဆန္ဒပြပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့အခြေစိုက် အထက်ချင်းတွင်း လူငယ်ကွန်ရက်နဲ့ တမူးမြို့က လူငယ်ကွန်ရက်က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးမပျက်ပြားစေဖို့၊ မြန်မာနယ်နမိတ်ကို မကျူးကျော်ဖို့၊ အပြည်ပြည်ဆိုင်ရာ နယ်နမိတ်ဥပဒေကို လေးစားလိုက်နာဖို့နဲ့ ကဘော်ချိုမ့်ဝှမ်းဒေသဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအောက်မှာ တည်ရှိတယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်နဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒယ်လ်ခရိုင်တို့ ထိစပ်နေတဲ့ဒေသက လက်ရှိ နယ်နမိတ်သတ်မှတ်ဖို့ သဘောတူညီချက် မရသေးတဲ့ နယ်ခြားမှတ်တိုင်တွေကတော့ နယ်ခြားမှတ်တိုင်အမှတ် BP ၆၆၊ ၇၆၊ ၇၈၊ ၈၉ ကနေ ၉၄အထိ စုစုပေါင်း နယ်ခြားမှတ်တိုင် ၉ တိုင် ဖြစ်ပါတယ်။ တမူးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးကျော်ဇောလင်းက လက်ရှိ အခင်းဖြစ်ပွားနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ဒီ ၉ တိုင်လုံးက နယ်နမိတ် တိုင်းတာမှု အတည်မပြုရသေးတဲ့ နေရာတွေ ဖြစ်ပါတယ်။ ၁၉၇၈ ကတည်းက ၂ နိုင်ငံ တိုင်းတာမှု မပြတ်သေးတဲ့ နေရာခင်ဗျ။ မပြတ်သေးတဲ့ နေရာဆိုတော့ ဒီနေရာမှာ သူ့နိုင်ငံလား၊ ကိုယ့်နိုင်ငံလား ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်လို့ မရသေးတဲ့နေရာပေါ့နော်။ အဲဒီနေရာမှာ သူတို့က သူတို့နယ်မြေပုံစံမျိုးနဲ့ မြေပြင်တာတွေ လုပ်နေလို့ပါ။ အဆောက်အအုံတော့ မဆောက်သေးပါဘူး။ ဆောက်ဖို့အတွက် မြေပြင်နေတာပါ။ ကျနော်တို့ နယ်စပ်တွေမှာ ရှိနေတဲ့ စုပေါင်းရုံးတွေပေါ့နော်၊ အဲဒီရုံးတွေ ဆောက်ဖို့ လုပ်နေတာပါ။”

အငြင်းပွားနေတဲ့နေရာမှာ အရင်က အခုလိုမျိုး အဆောက်အအုံ ဆောက်လုပ်ဖို့ ကြိုးစားတာတွေ ရှိခဲ့တာကြောင့် ကန့်ကွက်ခဲ့ဖူးတယ်လို့လည်း ဦးကျော်ဇောလင်းက ပြောပါတယ်။

“၅ လပိုင်း ၂၉ နဲ့ ၃၀ မှာ မြေစထိုးတယ်ဗျ၊ ထိုးတဲ့အချိန်မှာ ကျနော်တို့က လူကိုယ်တိုင် သွားတွေ့ပြီးတော့ ကန့်ကွက်တော့ ရပ်သွားတယ်။ ကန့်ကွက်စာလည်း ပို့ခဲ့တယ်ပေါ့နော်။ ပြီးတော့သူက ၆ လပိုင်း ၇ ရက်နေ့မှာတခါ နောက်တကြိမ် ပြန်ထိုးတယ်။ ထိုးထိုးချင်းပဲ ကျနော်တို့ သွားပြီးကန့်ကွက်တယ်၊ ကန့်ကွက်စာပို့တယ်၊ ရပ်သွားတယ်။ အဲဒီလို ပြီးသွားတော့ ဒီဇင်ဘာ ၆ ရက် ၇ ရက် လောက်ကနေ စပြီးတော့ မြေထိုးတဲ့ဟာကို ဆက်လုပ်သွားတယ်။ အခုလက်ရှိ ဖြစ်နေတဲ့ အချိန်မှာကို ကျနော်တို့ လူနဲ့ကန့်ကွက်တာတွေလည်း လုပ်ခဲ့တယ်၊ စာဆိုရင်လည်း ၁၃ ကြိမ်မြောက် ကန့်ကွက်ခဲ့တယ်ပေါ့။”

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသဟာ မိုင်ပေါင်း ၉၀၀ ကျော် ရှည်လျားပြီး လက်ရှိ အငြင်းပွားမှု ဖြစ်နေတဲ့ တမူးခရိုင် အတွင်းမှာတော့ မိုင် ၈၀ နီးပါးလောက် ထိစပ်နေတာဖြစ်ပါတယ်။ ဦးကျော်ဇောလင်းက နယ်စပ်အငြင်းပွားမှုကို သံတမန်နည်းအရ ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။

“သူတို့ဘက်ကတော့ သူတို့ရဲ့ ဗဟိုအစိုးရက ခိုင်းတဲ့ဟာဖြစ်လို့ သူတို့ကို ရပ်ပါဆိုတဲ့အမိန့် မလာသေးတဲ့ အတွက်ကြောင့် ဒီလို ဆက်လုပ်ရခြင်း ဖြစ်ပါတယ်ဆိုပြီးတော့ လာပါတယ်။ ကျနော်တို့ အနေနဲ့ကလည်း ဒါကို အထက်ကို အခြေအနေတွေ တင်ပြတဲ့အချိန်မှာ ကျနော်တို့ရဲ့ တိုင်းဒေသကြီး အစိုးရရော၊ ဗဟိုအစိုးရရောက သံတမန် နည်းလမ်းအရ ဆောင်ရွက်တာ၊ ကန့်ကွက်တာတွေရော ရှိတယ်လို့ ကျနော်တို့ သိရှိရပါတယ်ခင်ဗျ။ မကြာခင်မှာ ပြေလည်သွားလိမ့်မယ်လို့တော့ ကျနော်က ယူဆပါတယ်ခင်ဗျ။”

လွန်ခဲ့တဲ့ရက်ပိုင်း အတွင်းကတော့ မဏိပူပြည်နယ် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နယူးဒေလီကို သွားရောက်ပြီး အငြင်းပွားနေတဲ့ နယ်စပ်အရေးကိစ္စကို ဗဟိုအစိုးထံ တင်ပြခဲ့ကြောင်းနဲ့ အိန္ဒိယ ဗဟိုအစိုးက နယ်စပ်အငြင်းပွားမှုကို ၂ နိုင်ငံ အစိုးရတွေက သံတမန်နည်းအရ ဖြေရှင်းရာမှာ ပြေလည်မှုရရှိတော့မှာ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒယ်လ်ခရိုင်နဲ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း တမူးခရိုင်တို့ ဆက်စပ်နေတဲ့ နယ်စပ်ဒေသဟာ နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လက်နက်မှောင်ခိုမှုနဲ့ သူပုန်အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေကြောင့် မဏိပူရပြည်နယ် အစိုးရဖက်က နယ်စပ်မျဉ်းတလျှောက်မှာ ခြံစည်းရိုးခတ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဒီလ ၁၆ ရက်နေ့ကတော့ မြန်မာ့တပ်မတော်က ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပြီး မီဇိုရမ်ပြည်နယ်က စစ်ရေးလေ့ကျင့်ရေးကျောင်းကို လေ့လာခဲ့သလို နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
XS
SM
MD
LG