အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၊ နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံ တိဘက်ဒေသတွေမှာ လူပေါင်း ၇၉ ယောက်ထက်မနည်း သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မြေငလျင် ဗဟိုချက် ဒေသနားက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ရာသီဥတု ဆိုးရွားမှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အပျော်တမ်း တောင်တက်ကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားတဲ့ ဒေသတခုဖြစ်ပြီး လူနေကျဲပါးတဲ့ အိန္ဒိယနိုင်ငံက တော်ပေါ်ဒေသ ဆစ်ကင်မ် (Sikkim) မှာ တနင်္ဂနွေနေ့က ပြင်းအား ၆.၉ ရှိတဲ့ ငလျင်ဒဏ် ခံခဲ့ရတာပါ။
မြေပြိုကျမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ငလျင်ဒဏ်သင့်ရာ ဒေသမှာ ဒီကနေ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အဟန့်အတားတွေ ကြုံနေရတာ ဖြစ်ပါတယ်။
မိုးသည်းထန် ရွာသွန်းမှုတွေနဲ့ မြူတွေ အကြီးအကျယ် ကျဆင်းနေပေမဲ့ ဆစ်ကင်မ်ဒေသကို ရဟတ်ယာဉ်တွေနဲ့ အစားအသောက်တွေ ထောက်ပံ့ပေးနိုင်တဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်နယ်မြို့တော် ဂန်းတုတ် (Gangtok) ကိုသွားတဲ့ အဓိက အဝေးပြေး လမ်းမကြီးကို ရှင်းလင်းဖို့ စစ်သား ၅,၀၀၀ ကျော်က ကြိုးပမ်းနေကြတာပါ။
ငလျင်ကြောင့် သေဆုံးသူ အများစုကတော့ ဆစ်ကင်မ်ပြည်နယ်က ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အိန္ဒိယနိုင်ငံက ဘီဟာနဲ့ အနောက်ဘန်ဂေါ ပြည်နယ်တွေမှာ ဖြစ်ပါတယ်။ မုတ်သုံမိုးတွေဒဏ် ခံခဲ့ရတဲ့ အဆောက်အဦးတွေ ငလျင်ကြောင့် ပြိုကျရာက သေဆုံးမှုတွေ ကြုံခဲ့ရတာပါ။
ငလျင်ကြောင့် နီပေါနိုင်ငံမှာ လူ ၈ ယောက်၊ တရုတ်နိုင်ငံ တောင်ပိုင်း တိဘက်ဒေသမှာ လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။