သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ၊ နိုင်ငံရေးပါတီ နဲ့ NCA အဖွဲ့တချို့ အိန္ဒိယဖိတ်ခေါ်ဆွေးနွေး


အိန္ဒိယမှာပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးနဲ့ အခြားတက်ရောက်သူများကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (နိုဝင်ဘာ ၇၊ ၂၀၂၄)
အိန္ဒိယမှာပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးနဲ့ အခြားတက်ရောက်သူများကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (နိုဝင်ဘာ ၇၊ ၂၀၂၄)

ကူမင်းမှာ ကျင်းပတဲ့ ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေး နှစ်ခုကို တက်ရောက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဥ်သွားနေချိန်မှာ ဒေသတွင်း ပြိုင်ဘက် အိန္ဒိယနိုင်ငံကလည်း စစ်ကောင်စီနဲ့ မဟာမိတ်နိုင်ငံရေး အင်အားစုတွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ တခုကို ဒီသီတင်းပတ်ထဲ ဖိတ်ကြားခဲ့ကြောင်း နီးစပ်သူတွေကို ကိုးကားပြီး အိန္ဒိယလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၁၈ ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရှိသူ နှစ်ဦးက ဦးဆောင်ပြီး စစ်ကောင်စီနဲ့ မဟာမိတ် ပြုထားတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီဝင်တွေ ပါဝင်ကြောင်း အမည်မဖော်လိုတဲ့ ဒီအကြောင်းအရာ သိရှိထားတဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဟိန္ဒူစတန် တိုင်းမ် သတင်းမှာ နိုဝင်ဘာ ၈ ရက် (သောကြာနေ့) ရေးပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ နိုင်ငံရေးပါတီတွေထဲက ကိုယ်စားလှယ် ၁၀ ဦးနဲ့ ၂၀၁၅ ခုနှစ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေထဲက အဖွဲ့ဝင် ၆ ဦး ဝန်းကျင် ပါဝင်တယ် ဆိုပါတယ်။

အိန္ဒိယမှာပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးနဲ့ အခြားတက်ရောက်သူများကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (နိုဝင်ဘာ ၇၊ ၂၀၂၄)
အိန္ဒိယမှာပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးနဲ့ အခြားတက်ရောက်သူများကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (နိုဝင်ဘာ ၇၊ ၂၀၂၄)

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာ့ရေးရာ ဆိုင်ရာ အိန္ဒိယကောင်စီက နိုဝင်ဘာ ၅ ရက်ကနေ ၆ ရက်အထိ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေး တပ်ဖွဲ့တွေ မပါဝင်ကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး အိန္ဒိယ သတင်းက ရေးပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ အလားတူ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကို အဓိက ဆန့်ကျင်နေကြတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ တော်လှန်ရေး အင်အားစုတွေ ပါဝင် နိုင်ဖို့ အိန္ဒိယက ဖိတ်ကြားဖွယ် ရှိကြောင်း နီးစပ်သူတွေက ပြောပါတယ်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal ကတော့ ICWA အနေနဲ့ အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အတွေ့အကြုံတွေကို ဆွေးနွေးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတခုကို နိုဝင်ဘာ ၅ ရက်ကနေ ၆ ရက်အထိ ပြုလုပ်ခဲ့ကြောင်း ကြာသပတေးနေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန် ပြောဆိုပါတယ်။ အသေးစိတ်အချက်အလက်တွေကို ပြောကြားခြင်းမရှိပေမယ့် အလုပ်ရုံဆွေးနွေးပွဲမှာ “မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအသီးသီးက သက်ဆိုင်သူတွေ” ကို ပါဝင်ကြောင်း ပြောပါတယ်။

အရေးကြီးတဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အိန္ဒိယနိုင်ငံရဲ့ ပညာရပ် ဆိုင်ရာ ရပ်ဝန်းနဲ့ စီးပွားရေးအသိုင်းအဝိုင်း အတွက် စိတ်ဝင်စားဖွယ်ဖြစ်ကြောင်း Jaiswal က ပြောပါတယ်။ “ဒီလိုအပြန်အလှန်ဆက်ဆံမှုတွေက မြန်မာနိုင်ငံရဲ့ လက်ရှိစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာဦးဆောင်ပြီး မြန်မာ့ကိုယ်ပိုင် ဖြေရှင်းနည်းတခု ဖော်ဆောင်ဖို့ ညှိနှိုင်းဆွေးနွေးရာမှာ အထောက်အကူဖြစ်စေမယ်ဆိုတာ နားလည်ထားတယ်” လို့ သူက ဆိုပါတယ်။

ဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ICWA ကျင်းပတဲ့ တခြား ပွဲတွေနဲ့ မတူဘဲ အများပြည်သူ နဲ့ သတင်းမီဒီယာတက်ရောက်ခွင့် ပိတ်ထားတယ်လို့ ဆိုပါတယ်။

“ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ စစ်ပွဲတွေအဆုံးသတ် ပြေလည်နိုင်ရေး လမ်းစရှာဖို့၊ တွေ့ဆုံဆွေးနွေးရေးနဲ့ သံခင်းတမန်ခင်း လမ်းကြောင်းကို ပြန်သွားဖို့ အိန္ဒိယရဲ့သတင်းစကားကို ထပ်လောင်းပြောကြားဖို့ အခွင့်အရေးတခု ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားမယ့်လမ်းကို ဆွေးနွေးဖို့ အခွင့်အလမ်း” လို့ အမည်မဖော်လို့တဲ့ သတင်းရင်းမြစ်က ပြောကြောင်း အိန္ဒိယ သတင်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အခိုင်အမာ ထောက်ခံသူဖြစ်ကြောင်း လည်း Jaiswal က ပြောပါတယ်။

အခုလို အိန္ဒိယက မြန်မာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ အစုအဖွဲ့တွေကို ဖိတ်ကြားချိန်ဟာ မြန်မာစစ်ကောင်စီတပ်က အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းမှာ လက်နက်ကိုင် ဆန့်ကျင်မှုတွေ အပြင်းအထန် ရင်ဆိုင်နေရချိန် ဖြစ်ပြီး စစ်ရေး အရ အဆုံးအရှုံးများနေချိန် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရကို ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အင်အားသုံး ဖြုတ်ချခဲ့ပြီး ကတည်းက ဆန့်ကျင်မှုတွေနဲ့ အတူ မတည်မငြိမ်တွေ ဆက်တိုက် ဖြစ်နေတာပါ။ ၂၀၂၃ ခုနှစ် ခုနှစ် အောက်တိုဘာလမှာ ရှမ်းမြောက်မှာ တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့က အချိန်ကိုက် ညှိနှိုင်းထိုးစစ်ဆင်ပြီးနောက် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာနေတဲ့ အတွက် အိန္ဒိယအစိုးရ စိုးရိမ်မှု တိုးလာကာ အဆက်မပြတ် စောင့်ကြည့်နေကြောင်း မကြာခဏ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG